
AB News- ဧပြီ ၃၊ ၂၀၂၆
မြန်မာနိုင်ငံတွင် ကျူးလွန်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) သို့ လွှဲပြောင်းရန်အထိ ကုလသမဂ္ဂက သတိပေးလိုက်သော ဆုံးဖြတ်ချက်ကို စစ်ကော်မရှင်က ပြတ်ပြတ်သားသား ပယ်ချလိုက်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၃၁ ရက်နေ့က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင် ပြုလုပ်သည့် ၆၁ ကြိမ်မြောက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေး၌ အပိုဒ်ပေါင်း ၃၆ ပိုဒ်ပါဝင်သော မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်အဆိုကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ယင်းဆုံးဖြတ်ချက်တွင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကို မှတ်တမ်းတင်ထားပြီး လုံခြုံရေးကောင်စီအနေဖြင့် မြန်မာ့အရေးကို ICC သို့ လွှဲပြောင်းပေးရန် တိုက်တွန်းချက်များ ပါဝင်နေသည်။
ယင်းအပေါ် စစ်ကော်မရှင်၏ နိုင်ငံခြားရေးဌာနက ဧပြီ ၂ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ပြန်ကာ “ပြည်တွင်းရေးကို ထိပါးနှောင့်ယှက်ခြင်းဖြစ်သည်” ဟုဆိုကာ ပယ်ချခဲ့သည်။ ကုလသမဂ္ဂ၏ ဆွေးနွေးချက်များသည် ဆန့်ကျင်ဘက်အဖွဲ့အစည်းများထံမှရသော မခိုင်လုံသည့် သတင်းများကို အခြေခံထားခြင်းဖြစ်ကြောင်း စစ်ကော်မရှင်ဘက်က စွပ်စွဲထားသည်။
အဆိုပါ ဆုံးဖြတ်ချက်တွင် မြန်မာစစ်တပ်အနေဖြင့် အရပ်သားများ၊ ဆေးဘက်ဆိုင်ရာနှင့် ကယ်ဆယ်ရေးဝန်ထမ်းများအပေါ် တိုက်ခိုက်နေမှုများကို ချက်ချင်းရပ်တန့်ရန် အလေးပေး ဖော်ပြထားသည်။
ထို့အပြင် စစ်ကော်မရှင်က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲသည် အဓိက နိုင်ငံရေးသမားများကို ဖယ်ထုတ်ထားသဖြင့် လွတ်လပ်မျှတမှုမရှိကြောင်း မီးမောင်းထိုးပြထားသည်။
ဗြိတိန်နိုင်ငံကမူ ဤဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအတွင်း ဖြစ်ပျက်နေသည့် အမှန်တရားများကို မှန်ကန်စွာ မှတ်တမ်းတင်ထားခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့်လည်း ပူးတွဲထောက်ခံကြောင်း ထုတ်ပြန်ထားသည်။
လက်ရှိတွင် ကုလသမဂ္ဂက မြန်မာ့အရေးကို နိုင်ငံတကာ တရားစီရင်ရေးလမ်းကြောင်းပေါ်သို့ တင်ပို့ရန် ဖိအားပေးလာသော်လည်း စစ်ကော်မရှင်ဘက်ကမူ ယင်းကို အသိအမှတ်မပြုဘဲ ဆက်လက် ငြင်းဆန်နေသည့်အတွက် ရှေ့လုပ်ငန်းစဉ်များအပေါ် စိတ်ဝင်စားဖွယ် စောင့်ကြည့်ရတော့မည် ဖြစ်သည်။