AB News – မေ ၄၊ ၂၀၂၆
သံလွင်ခက်သတင်းဌာန၏ ရက္ခိုင်ပြည်အခြေစိုက် အမျိုးသမီးမြေပြင်သတင်းထောက်တစ်ဦးအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြိမ်းခြောက်ခံရမှုနှင့် ပတ်သက်၍ ကျူးလွန်သူကို ဥပဒေနှင့်အညီ အရေးယူပေးရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA/AA) ထံ ယနေ့ မေ ၃ ရက် တွင် မေတ္တာရပ်ခံ တောင်းဆိုလိုက်သည်။
ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့တွင် ထုတ်ပြန်သည့် သံလွင်ခက်သတင်းဌာန၏ ထုတ်ပြန်ချက်အရ အာရက္ခပြည်တွင်း တာဝန်ထမ်းဆောင်နေသည့် မြေပြင်သတင်းထောက် မခင်သရဖီဦးကို “Twan Lynn Thein” အမည်ရှိ Facebook အကောင့်ပိုင်ရှင်က အွန်လိုင်းမှတဆင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရန်နှင့် ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်ပြုရန် ယုတ်ညံ့စွာ ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ လုပ်ရပ်သည် သတင်းသမားတစ်ဦး၏ လုပ်ငန်းခွင်အပေါ် ဝေဖန်ခြင်းမျိုးမဟုတ်ဘဲ အမျိုးသမီးတစ်ဦးအပေါ် ပစ်မှတ်ထားသည့် ရာဇဝတ်မှုမြောက်သော လုပ်ရပ်ဖြစ်ကြောင်း သံလွင်ခက်သတင်းဌာန က ထောက်ပြထားသည်။
”အာရက္ခပြည်ရှိ ဒေသခံလူထုရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ အခြေအနေတွေကို အခက်အခဲတွေကြားက သတင်းကျင့်ဝတ်နဲ့အညီ တင်ဆက်ပေးနေတဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးကို ထည့်သွင်းစဉ်းစားပေးဖို့နဲ့ ကျူးလွန်သူကို ဥပဒေနဲ့အညီ အရေးယူပေးဖို့ ULA/AA ကို မေတ္တာရပ်ခံပါတယ်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယင်းအပြင် သတင်းဌာနအနေဖြင့် အမျိုးသမီးဝန်ထမ်းများအပေါ် ယခုကဲ့သို့ ခြိမ်းခြောက်မှုမျိုးကို လုံးဝသည်းခံမည်မဟုတ်ကြောင်းနှင့် ကျူးလွန်သူ၏ အထောက်အထားများကို စုဆောင်းကာ နိုင်ငံတကာသတင်းမီဒီယာ ကာကွယ်ရေးအဖွဲ့အစည်းများထံ တိုင်ကြားသွားမည်ဖြစ်ကြောင်း ဆိုသည်။
လက်ရှိတွင် ရက္ခိုင်ပြည်အတွင်း တိုက်ပွဲများနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲများကို သတင်းရယူရာ၌ အမျိုးသမီးသတင်းထောက်များမှာ ပိုမိုကြီးမားသည့် လုံခြုံရေးစိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ယခုဖြစ်စဉ်က မီးမောင်းထိုးပြနေသည်။
သတင်းသမားများအပေါ် အကြမ်းဖက်ခြိမ်းခြောက်မှုများကို အများပြည်သူက ဝိုင်းဝန်းဆန့်ကျင်ပေးကြရန်လည်း သံလွင်ခက် အယ်ဒီတာအဖွဲ့က တိုက်တွန်းထားသည်။

