သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
သ​င်္ဘောလှရွာဖြစ်စဥ်ကို အကြောင်းပြု၍ ရက္ခိုင်နှင့် သက္ကမလူမျိုးတို့အကြား စိတ်ဝမ်းကွဲမှုများမဖြစ်ပေါ်စေရန် ခရိုင်သက္ကမလူမျိုးစုရေးရာကော်မတီ တိုက်တွန်း

AB News – ဇွန် ၁၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှင့် စပ်လျဉ်း၍ အခြေအနေမှန်ကို အများပြည်သူ သိရှိနားလည်နိုင်စေရန်အတွက် မောင်တောခရိုင် သက္ကမလူမျိုးရေးရာကော်မတီက မေလ ၃၁ ရက်နေ့တွင် သဘောထားထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကာ ရှင်းလင်းတင်ပြထားသည်ကို တွေ့ရှိရသည်။

​အဆိုပါ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက်နေ့တွင် ULA/AA မှ တာဝန်ရှိသူများသည် မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာသို့ သွားရောက်ကာ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) နှင့် ပတ်သက်၍ ကျေးရွာလူထုအား ရှင်းလင်းပြောကြားရန် ရောက်ရှိခဲ့ကြကြောင်း သိရသည်။

​သို့ရာတွင် ULA/AA တာဝန်ရှိသူများ မရောက်ရှိမီကတည်းက NDEP အစီအစဉ်အား ဆက်လက်ကန့်ကွက်ရန်အတွက် သင်္ဘောလှရွာသားများဖြစ်ကြသည့် ဦးအောင်ကျော်စိန် (၆၄) နှစ်၊ ဦးမောင်ထွန်းစိန် (၆၃) နှစ်၊ ဦးမြင့်မောင် (၅၂) နှစ်၊ ဦးစိန်ထွန်းကျော် (၅၃) နှစ် နှင့် ဘီလာစော (၅၇) နှစ် အစရှိသည့် ကျေးရွာသား ၅ ဦးက ဦးဆောင်ကာ ကြိုတင်ကြံစည်မှုများ ပြုလုပ်ခဲ့ကြကြောင်း ကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

​၎င်းတို့သည် ဆူပူအုံကြွမှုနှင့် အကြမ်းဖက်ရန်ရန်ပြုမှုများ ပြုလုပ်ရန် ကြိုတင်လူစုခြင်း၊ တုတ်၊ ဓား၊ စသည့်လက်နက်များ ကိုင်ဆောင်ကာ ကြိုတင်ကြံစည်ထားသည့်အတိုင်း ခြိမ်းခြောက်ခြင်းများကို ပြုလုပ်ခဲ့ကြပြီး အမှန်တကယ်လည်း ULA/AA တာဝန်ရှိသူများ ရောက်ရှိလာသည့်အခါ လူအုပ်ဖြင့် ဝိုင်းဝန်း၍ ဆဲဆိုကြိမ်းမောင်းခြင်းနှင့် ရန်ပြုခြင်းများကို လုပ်ဆောင်ခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် အသေးစိတ် ရေးသားထားသည်။

​ဖြစ်စဉ်ဖြစ်ပွားချိန်တွင် ULA/AA တာဝန်ရှိသူများအနေဖြင့် အခြေအနေကို တည်ငြိမ်မှုရှိစေရန် ဒေသတွင်းရှိ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ထိန်းသိမ်းဖြေရှင်းခဲ့သော်လည်း ထိန်းမနိုင်သိမ်းမရဖြစ်လာသည့် အခြေအနေကြောင့် ဒေသတွင်း တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်ပျက်စီးမှုမရှိစေရန်အလို့ငှာ လူစုခွဲကာ အကြမ်းဖက်ရန်ပြု ဆောင်ရွက်သူများကို ဖမ်းဆီးထိန်းသိမ်းခဲ့ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

​ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ဌာနဆိုင်ရာများနှင့် ခရိုင်သက္ကမလူမျိုးရေးရာကော်မတီဝင်များသည် သင်္ဘောလှကျေးရွာသို့ ကွင်းဆင်းကာ ကျေးရွာသူ/သားများနှင့် တွေ့ဆုံပြီး အခြေအနေများ တည်ငြိမ်အောင် ဖြေရှင်းလျက်ရှိကြောင်းနှင့် လက်ရှိတွင် ကျေးရွာ၏ အခြေအနေမှာ ပုံမှန်အနေအထားသို့ ရောက်ရှိကာ တည်ငြိမ်နေပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် အတည်ပြုပြောဆိုထားသည်။

​ကော်မတီအနေဖြင့် ဤဖြစ်စဉ်နှင့်ပတ်သက်၍ မြေပြင်အခြေအနေမှန်ကို ဂဃနဏ သိရှိနားလည်ခြင်းမရှိဘဲ အဝေးရောက် သက္ကမအဖွဲ့အစည်းများနှင့် သံဃာတော်အချို့က ULA/AA အပေါ် တစ်ဖက်သတ်စွပ်စွဲချက်များဖြင့် ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ကြခြင်းအပေါ် စိတ်မကောင်းဖြစ်ရကြောင်း ထည့်သွင်းဖော်ပြထားသည်။

ထိုသို့သော တစ်ဖက်သတ် ထုတ်ပြန်ချက်များသည် ပြဿနာအရင်းအမြစ်ကို ဖြေရှင်းရာတွင် အထောက်အကူမပြုသည့်အပြင် အာရက္ခဒေသတွင်းရှိ သက္ကမလူမျိုးများနှင့် ရက္ခိုင်လူမျိုးများအကြား အေးအတူပူအမျှ သဟဇာတဖြစ်မှုကို ထိခိုက်စေနိုင်ပြီး မီးလောင်ရာလေပင့် ဖြစ်စေနိုင်ကြောင်း သတိပေးထားသည်။

​ထို့ပြင် အာရက္ခဒေသရှိ လူမျိုးရေး၊ ဘာသာရေးနှင့်ပတ်သက်၍ ဖျက်ဆီးလိုသောစိတ်ဖြင့် ပြဿနာများကို ဖန်တီးကာ အကျိုးမြတ်ထုတ်လိုသူများ၏ လက်နက်တစ်ခုသဖွယ် အသုံးချခြင်းမခံရစေရန် အထူးသတိထားရန် လိုအပ်ကြောင်းလည်း တိုက်တွန်းထားသည်။

​အာရက္ခဒေသတွင် သမိုင်းအစဉ်အလာအရ ခေတ်အဆက်ဆက် ငြိမ်းချမ်းစွာ အတူတကွ နေထိုင်ခဲ့ကြသည့် ရက္ခိုင်နှင့် သက္ကမလူမျိုးများအနေဖြင့် မောင်တောမြို့နယ်၊ သင်္ဘောလှရွာဖြစ်စဉ်ကို အကြောင်းပြု၍ စိတ်ဝမ်းကွဲပြားမှုမရှိစေရန် အထူးသတိထား ရှောင်ကြဉ်ရန် လိုအပ်ကြောင်း၊ သက္ကမလူမျိုးများသည်လည်း အာရက္ခပြည် လွတ်မြောက်မှုနှင့် ဂုဏ်သိက္ခာကို အခြားလူမျိုးများနှင့်အတူ ထပ်တူထပ်မျှ တန်ဖိုးထားသည့်အပြင်၊ တော်လှန်ရေးနှင့် နိုင်ငံတော်အတွက် တာဝန်သိသိ သစ္စာရှိရှိဖြင့် ငြိမ်းချမ်းရေးကို လိုလားသော လူမျိုးတစ်မျိုးဖြစ်ကြောင်း ကော်မတီက လေးနက်စွာ တင်ပြထားသည်။

ဆက်လက်၍ ​အာရက္ခဒေသတွင်း မှီတင်းနေထိုင်ကြသော လူမျိုးအားလုံးအနေဖြင့် တော်လှန်ရေးအပြီးသတ် အောင်ပွဲရရှိရေးနှင့် တိုင်းပြည်ပြန်လည်တည်ဆောက်ရေး ကဏ္ဍအသီးသီးတွင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် တက်ညီလက်ညီ ပူးပေါင်းပါဝင် ဆောင်ရွက်ကြပါရန် ကော်မတီမှ ထုတ်ပြန်ချက်ဖြင့် အလေးအနက် နှိုးဆော်တိုက်တွန်းထားသည်။
 

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ