AB News – မေ ၂၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်း ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများနှင့် သက်ငယ်မုဒိမ်းမှုများ လျော့နည်းပပျောက်စေရန်အတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ က အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။
သက်ငယ်မုဒိမ်းမှုဆိုသည်မှာ အသက် ၁၈ နှစ်အောက် ကလေးသူငယ်တစ်ဦးကို သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခြင်းကို ဆိုလိုခြင်းဖြစ်ကြောင်းနှင့် ယင်းသည် လူမှုအဖွဲ့အစည်း၏ နိမ့်ကျလာသော ကိုယ်ကျင့်တရားနှင့် အသိပညာအားနည်းမှုများကြောင့် ဖြစ်ပွားရခြင်းဖြစ်ကြောင်း ULA/AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ အသိပညာပေး နှိုးဆော်ချက်တွင် မိဘများနှင့် အုပ်ထိန်းသူများ လိုက်နာရမည့် အချက် (၇) ချက်ကို အဓိကထား ဖော်ပြထားသည်။ ယင်းတို့မှာ
၁။ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ကာကွယ်ခြင်း
ကလေးသူငယ်များကို ၎င်းတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းများထဲက Private parts (သီးသန့်ဆန်သော) နေရာများကို စိမ်းသူတစ်ယောက်က ဖြစ်စေ၊ ရင်းနှီးသူတစ်ယောက်က ဖြစ်စေ အတင်းအဓမ္မ ကိုင်တွယ်ခွင့်မပြုရန် သင်ကြားထားရပါမည်။ အဓိကအားဖြင့် နှုတ်ခမ်း၊ ရင်ဘတ်၊ တင်ပါးနှင့် လိင်အင်္ဂါတို့ကို မည်သူမျှ ကိုင်တွယ်ခွင့်မရှိကြောင်း ကလေးကို အသိပေးထားရပါမည်။
၂။ သီးသန့်ဆန်သော နေရာများကို ထိတွေ့ခွင့်မပြုခြင်း
ကလေး၏ ခန္ဓာကိုယ်ရှိ သီးသန့်ဆန်သော နေရာများကို ထိတွေ့ခွင့်၊ မြင်တွေ့ခွင့် မပြုရန် သင်ကြားရပါမည်။ ထို့အပြင် ကလေး၏ ခန္ဓာကိုယ်နှင့် လိင်အင်္ဂါအစိတ်အပိုင်းများကို ဓာတ်ပုံရိုက်ခြင်း၊ ဗီဒီယိုရိုက်ခြင်းများကိုလည်း လုံးဝခွင့်မပြုရန်နှင့် ယင်းသို့ ပြုလုပ်ခြင်းမှာ မမှန်ကန်သော အပြုအမူဖြစ်ကြောင်း ကလေးကို နားလည်အောင် ရှင်းပြထားရပါမည်။
၃။ အခြားသူ၏ လိင်အင်္ဂါကို ကိုင်တွယ်ခိုင်းခြင်းကို ငြင်းဆန်ခြင်း
အခြားသူတစ်ယောက်က ၎င်း၏ လိင်အင်္ဂါကို ကလေးအား ကိုင်တွယ်ခိုင်းခြင်း၊ ကြည့်ရှုခိုင်းခြင်းများ ပြုလုပ်လာပါက လက်မခံဘဲ ငြင်းဆန်ရန်နှင့် မိဘများကို ချက်ချင်းပြန်ပြောရန် သင်ကြားထားရပါမည်။ ယင်းသို့ ပြုလုပ်ခိုင်းခြင်းသည် အန္တရာယ်ရှိသော ကိစ္စဖြစ်ကြောင်း ကလေးကို သိရှိစေရပါမည်။
၄။ ခြိမ်းခြောက်မှုကို မကြောက်ဘဲ ပြန်ပြောရန် သင်ကြားခြင်း
ကျူးလွန်သူများသည် ကလေးကို အဓမ္မပြုကျင့်ပြီးနောက် မိဘများကို ပြန်ပြောပါက သတ်ပစ်မည် သို့မဟုတ် နှိပ်စက်မည်ဟု ခြိမ်းခြောက်တတ်ကြသည်။ ထိုသို့သော ခြိမ်းခြောက်မှုများကို မကြောက်ဘဲ မိဘများကို ပွင့်လင်းစွာ ပြန်ပြောပြနိုင်သည့် ယုံကြည်မှုမျိုးရှိအောင် ကလေးကို လေ့ကျင့်ပေးထားရပါမည်။
၅။ လျှို့ဝှက်ချက်ဟု အယုံသွင်းခြင်းကို သတိပြုခြင်း
ကျူးလွန်သူများသည် ကလေးကို မဖွယ်မရာပြုလုပ်ပြီးနောက် “ဒါဟာ ငါတို့နှစ်ယောက်ထဲ သိရမယ့် လျှို့ဝှက်ချက်” ဟု ဆိုကာ မုန့်ပေးခြင်း၊ ဂိမ်းပေးခြင်းတို့ဖြင့် ဖြားယောင်းတတ်ကြသည်။ ထိုသို့သော လျှို့ဝှက်ချက်မျိုးမှာ မကောင်းသော လျှို့ဝှက်ချက်ဖြစ်သဖြင့် မိဘကို ပြန်ပြောပြရမည်ဖြစ်ကြောင်း ကလေးကို အမြဲအသိပေးထားရပါမည်။
၆။ ရင်းနှီးသူများကို သတိပြုခြင်း
သက်ငယ်မုဒိမ်းမှုကို ကျူးလွန်သူများသည် သူစိမ်းများထက် ကလေးနှင့် ရင်းနှီးကျွမ်းဝင်သူများ (၉၃ ရာခိုင်နှုန်း) ဖြစ်နေတတ်ကြောင်း ကလေးကို နားလည်အောင် ပြောပြထားရပါမည်။ ရင်းနှီးသူဖြစ်စေကာမူ အထက်ပါ အချက် (၅) ချက်ကို ဖောက်ဖျက်လာပါက လက်မခံရန်နှင့် မိဘကို အသိပေးရန် အမြဲသတိပေးထားရပါမည်။
၇။ ကလေးကို တစ်ဦးတည်း မထားရှိခြင်း
မိဘ (သို့) အုပ်ထိန်းသူများအနေဖြင့် ကလေးကို အချိန်မရွေး၊ နေရာမရွေး တစ်ဦးတည်း ပစ်မထားသင့်ပါ။ အထူးသဖြင့် လူသူကင်းဝေးသောနေရာများ၊ တောလမ်းများ သို့မဟုတ် လူမရှိသော အိမ်များတွင် ကလေးကို တစ်ဦးတည်း မသွားခိုင်းဘဲ အမြဲမပြတ် စောင့်ရှောက်ကြည့်ရှုနေရပါမည်” စသည့် အချက်များ ပါရှိသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ထုတ်ပြန်ချက်အရ သက်ငယ်မုဒိမ်းမှု ကျူးလွန်သူများ၏ ၉၃ ရာခိုင်နှုန်းမှာ ကလေးနှင့် ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြပြီး ၇ ရာခိုင်နှုန်းခန့်သာ မသိကျွမ်းသူများ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ခေတ်သစ်နည်းပညာများဖြစ်သော ဆိုရှယ်မီဒီယာများမှတဆင့် မဖွယ်မရာ ဗီဒီယိုများနှင့် အကြောင်းအရာများကို အလွယ်တကူ ကြည့်ရှုနိုင်ခြင်းသည်လည်း သက်ငယ်မုဒိမ်းမှု ဖြစ်ပွားရခြင်း၏ အခြေခံအကြောင်းရင်းတစ်ရပ် ဖြစ်နေကြောင်း ထောက်ပြထားသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် စစ်ရေး၊ နိုင်ငံရေးကိစ္စရပ်များအပြင် ပြည်သူလူထု၏ လူမှုဘဝလုံခြုံရေး၊ အထူးသဖြင့် အမျိုးသမီးနှင့် ကလေးသူငယ်များ၏ လုံခြုံရေးအတွက် ဥပဒေကြောင်းအရ အကာအကွယ်ပေးမှုများနှင့် အသိပညာပေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

