AB News – ဇွန် ၁၄၊ ၂၀၂၆
ရက္ခိုင်ပြည်အတွင်း ရာသီဥတုမျှတပြီး သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်လာစေရန်အတွက် “Green Arakkha စိမ်းလန်းသော အာရက္ခပြည်” စီမံကိန်းအရ မိုးရာသီတွင် သစ်ပင်စိုက်ပျိုးရေးကာလအဖြစ် သတ်မှတ်ကာ အရိပ်ရသစ်ပင်ပေါင်း သိန်းနှင့်ချီကို ULA မှ ဦးဆောင်၍ စိုက်ပျိုးနေကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးခြင်းကို ဇွန်လ ပထမအပတ်မှ စတင်ကာ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA) မှ ဦးဆောင်နေခြင်းဖြစ်ပြီး စိုက်ပျိုးရာတွင် ULA ပါတီဝင်များ၊ ပါတီလူငယ်အင်အားစုများနှင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ(APRG)၏ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံလူငယ်အဖွဲ့အစည်းများနှင့် ပြည်သူလူထုတစ်ရပ်လုံး အင်တိုက်အားတိုက် ပူးပေါင်းပါဝင်ကာ အရိပ်ရအပင်များကို စိုက်ပျိုးနေကြခြင်းဖြစ်သည်။
ယခင်ကလည်း ရက္ခိုင်ပြည်အတွင်း NGO အဖွဲ့များနှင့် အခြားလူမှုအဖွဲ့အစည်းအသီးသီးက သစ်ပင်စိုက်ပျိုးခြင်းများ ပြုလုပ်ခဲ့ကြသော်လည်း စိုက်ပျိုးပြီးနောက် စနစ်တကျ ပြုစုပျိုးထောင်မှုနှင့် ရေရှည်ထိန်းသိမ်းမှု အားနည်းခဲ့ခြင်းကြောင့် စိုက်သမျှအပင်များ ရှင်သန်ကြီးထွားမှုမရှိဘဲ သစ်ပင်ငယ်များ သေဆုံးပျက်စီးခဲ့ရကြောင်း သိရသည်။
ယခုအခါတွင် ထိုအားနည်းချက်ကို ပြုပြင်ပြီး “သစ်ပင်စိုက်ပျိုးခြင်းနှင့်အတူ ရေရှည်ထိန်းသိမ်းစောင့်ရှောက်ခြင်း” ကိုပါ ပူးတွဲလုပ်ဆောင်လာကြပြီး စိုက်ပျိုးလိုက်သည့် အပင်တိုင်း ရှင်သန်ကြီးထွားလာစေရန်အတွက် စိုက်ပျိုးသူကိုယ်တိုင် တာဝန်ယူ ပြုစုစောင့်ရှောက်ရမည့် စနစ်ကိုပါ ကျင့်သုံးနေကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်များအတွင်း သစ်တောများ ပြုန်းတီးလာခြင်း၊ တောမီးရှို့မှု များပြားလာခြင်းတို့ကြောင့် ကမ္ဘာကြီးပူနွေးလာမှုဒဏ်ကို ဒေသခံလူထုများ ခံစားနေကြရပြီး ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုများနှင့်လည်း ရင်ဆိုင်နေရသည်။
အဆိုပါ သဘာဝဘေးအန္တရာယ်များကို တားဆီးကာကွယ်ရန်နှင့် ပျက်စီးသွားသော ဂေဟစနစ်ကို ပြန်လည်ကုစားရန်အတွက် သစ်တောပြန်လည်တည်ထောင်ခြင်းလုပ်ငန်းစဉ်အဖြစ် ဤကဲ့သို့ မိုးရာသီ သစ်ပင်စိုက်ပျိုးရေးကာလ သတ်မှတ်ကာ အရိပ်ရအပင်များကို အားသွန်ခွန်စိုက် စိုက်ပျိုးနေကြခြင်းဖြစ်ကြောင်း သိရှိရသည်။








