သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်ဒေသအတွင်း လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အထူးသတိထားရန် ULA သတိပေး

AB News – စက်တင်ဘာ ၅၊ ၂၀၂၆

ရက္ခိုင်ဒေသအတွင်း စစ်ကော်မရှင်တပ်က အရပ်သားများနေထိုင်ရာ မြို့ရွာများ၊ လူထူထပ်ရာနေရာများနှင့် ဘာသာရေးအဆောက်အအုံများအနီးသို့ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် လေကြောင်းနှင့် လက်နက်ကြီးအန္တရာယ်ကို အထူးသတိထားရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ULA က ယမန်နေ့ စက်တင်ဘာ ၄ ရက်တွင် ထုတ်ပြန်သတိပေးသည်။

ULA ၏ စက်တင်ဘာ ၄ ရက် ထုတ်ပြန်ချက်အရ စက်တင်ဘာ ၃ ရက် မိုးထ ၁၁ နာရီ ၂ မိနစ်ခန့်မှစ၍ သံတွဲခရိုင်၊ ငပလီမြို့နယ်အတွင်းရှိ ကျိန္တလီမြို့နှင့် ကမ်းခြေတစ်လျှောက်ကို ပင်လယ်ပြင်တွင် တပ်စွဲထားသည့် စစ်ကော်မရှင်တပ်၏ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စက်တင်ဘာ ၃ ရက် နေ့လယ် ၁ နာရီ ၃၅ မိနစ်ခန့်တွင် ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်များအကြားရှိ ကျေးရွာများကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ် ၄ စီးဖြင့် မိနစ် ၃၀ ခန့် လှည့်ပတ်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ULA က ပြောသည်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှုတွင် ကွမ်းတောင်၊ ကုန်းတန်းကြိမ်ချောင်း၊ မက္ကလာကျေးရွာ၊ ညိုရောင်ရွာ၊ မင်းလှရွာ၊ မိုးစဲကမ်းရှိ ကြက်ရိုးဆိပ်ရွာနှင့် ညောင်ပင်ကြီးရွာ (မူဆလင်) နှင့် (ရက္ခိုင်) တို့အပါအဝင် ရပ်ရွာများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့နောက် စက်တင်ဘာ ၄ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်တွေမြို့ရှိ စစ်ကော်မရှင်တပ်၏ လက်နက်ကြီးအထိုင်စခန်း အနည်းဆုံး ၇ နေရာ၊ သံချပ်ကာတင့်ကား ၂ စီးနှင့် စစ်တွေမြို့အနီး ပင်လယ်ပြင်တွင် ကျောက်ချထားသည့် စစ်သင်္ဘောအချို့ထံမှ ပုဏ္ဏားကျွန်း၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်များရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

နေ့လယ် ၁၂ နာရီခန့်တွင်လည်း ကမ်းခြေနှင့် ငပလီကမ်းခြေဘက်သို့ လက်နက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်ခဲ့ကြောင်း ULA က ဆိုသည်။

လက်ရှိ စစ်ရေးအခြေအနေများအရ ရက္ခိုင်ဒေသအတွင်း လေကြောင်းနှင့် ရေကြောင်းမှတစ်ဆင့် လက်နက်ကြီးများ အချိန်မရွေး ပစ်ခတ်တိုက်ခိုက်နိုင်သည့် အခြေအနေရှိနေသဖြင့် ကမ်းခြေ၊ ချောင်းကမ်းနံဘေးနှင့် မြို့ရွာများတွင် နေထိုင်သူများအနေဖြင့် အထူးသတိထားကြရန် ULA က တိုက်တွန်းထားသည်။

ထို့ပြင် လေကြောင်းအချက်ပြမှုများကို သတိထားစောင့်ကြည့်ပြီး အချင်းချင်း သတိပေးကြရန်နှင့် လေကြောင်း၊ လက်နက်ကြီးအန္တရာယ်များကို အထူးဂရုပြုကြရန်လည်း ULAက အသိပေးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ