သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရက္ခိုင်တွင် သြဂုတ် (၁၁) ရက်အတွင်း စစ်ကော်မရှင်တပ် တိုက်ခိုက်မှုကြောင့် အရပ်သား ၁၉ ဦးသေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း HDCO ထုတ်ပြန်

AB News – သြဂုတ် ၁၃၊ ၂၀၂၆

ရက္ခိုင်တွင် စစ်ကော်မရှင်တပ်မှ အရပ်သား​ပြည်သူများအပေါ်  ပစ်မှတ်ထားတိုက်ခိုက်နေခြင်းကြောင့် ဩဂုတ်လ ပထမ (၁၁) ရက်အတွင်း ဒေသခံ  ၁၉ ဦး  သေဆုံးခဲ့ရပြီး ၂၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရကြောင်း လူသားချင်း စာနာထောက်ထားရေးနှင့်  ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး HDCO မှ  ယမန်နေ့  ဩဂုတ်လ ၁၂ ရက်နေ့တွင် ထုတ်ပြန်သည်။

HDCO၏ မှတ်တမ်းများအရ စစ်ကောင်မရှင်တပ်၏ တိုက်ခိုက်မှုများထဲတွင်  သံတွဲ၊ အမ်း၊ မြောက်ဦးနှင့်  ပလက်ဝဒေသရှိ အရပ်သားများနေထိုင်ရာ နေရာများအပေါ်  လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်းတို့ပါဝင်သည်။

ယင်းပြင် ရသေ့တောင်မြို့နယ် နံ့သာကျွန်းတွင် ငါးဖမ်းနေသည့် စစ်ဘေးရှောင်အရပ်သားများအား အရပ်သားဝတ်စုံဝတ်ထားသော စစ်ကော်မရှင်တပ်သားများနှင့် လက်နက်ကိုင်မူဆလင်များက သေနတ်နှင့် ပစ်ခတ်ခဲ့သည့် ဖြစ်စဉ်များလည်း ပါဝင်သည်။

HDCO အနေဖြင့် အရပ်သားပြည်သူများနှင့် အရပ်သားများနေထိုင်ရာ နေရာများအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများအား ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်းနှင့် အရပ်သားပြည်သူများသည်  စစ်ရေးပစ်မှတ်များ မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကော်မရှင်တပ်မှ  ပစ်မှတ်ထားတိုက်ခိုက်နေမှုများကြောင့် ဆက်လက်မြင့်တက်နေသော အရပ်သားထိခိုက်သေဆုံးမှုများအပေါ်  နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အရေးတကြီး အာရုံစိုက်ရန် လူသားချင်း စာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးရုံး  HDCO က  ဩဂုတ်လ ၁၂ ရက်နေ့တွင်  တိုက်တွန်းပြောဆိုလိုက်​ခြင်း ဖြစ်သည်။

ယင်းအပြင်  အရပ်သား​ပြည်သူများကို ကာကွယ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ပိုမို အားကောင်း စေရန်နှင့်  နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဥပဒေ ချိုးဖောက်မှုများအတွက် အမှန်တကယ် တာဝန်ခံမှုရှိစေရေး လုပ်ဆောင်ကြဖို့ကို လည်း HDCO က ဆက်လက် တိုက်တွန်းခဲ့သည်။

ယခုကဲ့သို့ စစ်ကော်မရှင်တပ်မှ အရပ်သား​ပြည်သူများ အပေါ်   ပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် ထိခိုက် သေဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းသည် အထူးစိုးရိမ်ဖွယ်ရာ ဖြစ်ကြောင်းလည်း ဆိုထားသည်။

အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်၊ လူနေအိမ်များ၊ ဘာသာရေးအဆောက်အအုံများနှင့်  အခြားအရပ်ဘက်အဆောက်အအုံများကို အကာအကွယ်ပေးရမည်ဖြစ်သည်ဟုလည်း HDCO ကဆိုထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ