AB News – သြဂုတ် ၁၅၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် မြောက်ဦးခရိုင် ပါတီရုံးမှဦးဆောင်ပြီး သန့်ရှင်းသောအာရက္ခပြည်စီမံချက် ( Clean Arakkha ) ကို ယမန်နေ့ သြဂုတ် ၁၄ ရက်နေ့က စတင်အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ကြောင်းသိရသည်။
အဆိုပါ Clean Arakkha စီမံချက်ကို ယမန်နေ့ သြဂုတ်လ (၁၄) ရက်နေ့၊ နေ့လည် (၁၂) နာရီမှ ညနေ (၅) နာရီ (၃၀) မိနစ်အချိန်ထိ မြောက်ဦးခရိုင်ပါတီရုံး အပါအဝင် အမှတ် (၄) ပါတီတိုက်နယ်မှ ပါတီရုံးဝန်ထမ်းများ၊ အခြားပါတီဝင်များနှင့် အရပ်သားပြည်သူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ပြောကြားချက်အရ လောင်းကြတ်ကျေးရွာ တံတားမှ မြောင်းဘွေကျေးရွာ အဝင်တံတားထိ စုစုပေါင်း တံတားပေါင်း (၁၀) စင်းထိကို သန့်ရှင်းရေး လုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သန့်ရှင်းရေးတွင် ထိုတံတားများ၏ လက်ဝဲလက်ယာရှိ ခြုံနွယ်များကို ရှင်းလင်းခြင်း၊ တံတားကာပါဘောင်တန်းများ၏ ရေသွားရေလာမြောင်းများအား သန့်ရှင်းရေးပြုလုပ်ခြင်း၊ တံတား၏ ကွန်ကရစ်လမ်းပေါ်သို့ သဲ၊ စကျင်ကျောက်ငယ်များဖြင့် ပြုပြင်ခြင်းတို့ကို လုပ်ဆောင်ကြောင်းသိရသည်။
ထို့ပြင်ပြီးခဲသည့် ဇူလိုင်လ ပထမပတ်တွင်း ရေကြီးမှုဖြစ်ပွားပြီး တင်ကျန်ခဲ့သည့် ရွှံ့မြေများနှင့် အမှိုက်များကို ULA/AA မှ ဦးဆောင်ပြီး သန့်ရှင်းမှုများ ပြုလုပ်ခဲ့ကြောင်းသိရသည်။
Photo – AB News
