AB News – မတ် ၁၉၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့သည့် စခန်းဟောင်းများနှင့် တောတောင် လမ်းဘေးနေရာများတွင် အာရက္ခတပ်တော် (AA) က မိုင်းရှင်းလင်းရေး နှင့် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်တိုက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အာရက္ခတပ်တော်၏ မိုင်းရှင်းလင်းရေးတပ်ဖွဲ့များသည် ဒေသခံပြည်သူများ ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရေးအတွက် ရည်ရွယ်ကာ ယခင်တိုက်ပွဲ ပြင်းထန်ခဲ့သည့် နေရာများကို ဦးစားပေးရှင်းလင်း နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နှင့် ၂၁ ရက်နေ့များတွင် မောင်တောမြို့၊ အမှတ် (၇၆၆) တပ်ရင်းဟောင်းနေရာ၊ ကားလမ်းမများနှင့် မြကံသာဆည်အနီးဝန်း ကျင်တို့၌ မိုင်းရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ M-14 အမျိုးအစား မြေမြှုပ်မိုင်း ၇၈ လုံးအထိ ရှာဖွေဖယ်ရှားနိုင်ခဲ့သည်။
၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း AB News ၏ ကွင်းဆင်းမှတ်တမ်းများအရ မောင်တော နခခ (၅) တစ်ခုတည်းတွင်ပင် ရက်ပေါင်း ၁၁၅ ရက်အတွင်း မြေမြှုပ်မိုင်း ၃,၀၀၀ ခန့်ကို အာရက္ခတပ်တော်က အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။
မောင်တောမြို့ကို သိမ်းပိုက်ပြီး ချိန်မှစ၍ ယခုအချိန်ထိ မောင်တောခရိုင်အတွင်း မြေမြှုပ်မိုင်းပေါင်း ထောင်နှင့်ချီ၍ ဖယ်ရှားရှင်းလင်းနိုင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ မိုင်းရှင်းလင်းရေး လုပ်ငန်းစဉ်ကြီးကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စတင်ကာ ဆောင်ရွက်ခဲ့ပြီး ဒေသခံများ၏ ဘေးကင်းလုံခြုံရေးကို အဓိကထား လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း မြေပြင်အခြေအနေအရ ပဋိပက္ခများဖြစ်ပွားခဲ့သော အခြားဒေသများတွင် မိုင်းအန္တရာယ်များ ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။
“မိုင်းကြောင့် ပြည်သူ ထိခိုက်မှုတွေ မကြာခဏဖြစ်နေတယ်။ အထူးသဖြင့် စခန်းဟောင်းတွေနဲ့ တောထဲလမ်းတွေမှာ အန္တရာယ်များတယ်။ အခုရှင်းလင်းရေးလုပ်နေတဲ့ နေရာတွေမှာလည်း မိုင်းတွေ တော်တော်များများ တွေ့ရတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
မိုင်းရှင်းလင်းရေးအပြင် အာရက္ခတပ်တော်၏ တာဝန်ရှိသူများသည် ကျေးရွာများသို့ သွားရောက်ကာ မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်လက်နက်ပစ္စည်းများ ဆိုင်ရာ အသိပညာပေးမှုများ ပြုလုပ်လျက်ရှိသည်။
ထို့ပြင် အန္တရာယ်ရှိနိုင်သဖြင့် တားမြစ်ထားသည့် နယ်မြေများသို့ မသွားရောက်ရန်လည်း ဒေသခံများကို သတိပေးနှိုးဆော်ထားသည်။
လက်ရှိတွင် ယခင်စစ်ကော်မရှင် တပ်စွဲနေထိုင်ခဲ့သည့် နေရာများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများသို့ ပြန်လည်ဝင်ရောက်နေထိုင်နေကြသော ဒေသခံများမှာ မိုင်းအန္တရာယ်ကြောင့် အသက်အန္တရာယ် စိုးရိမ်နေရဆဲဖြစ်ကြောင်း သိရသည်။
Photo – Hein Tun/AB News



