
AB News – မေ ၂၄၊၂၀၂၆
ရေရှည်ကြန့်ကြာနေပြီဖြစ်သည့် မူဆလင်အကျပ်အတည်းတွင် အရေးပါသော တိုးတက်မှုတစ်ရပ်အဖြစ် မူဆလင်လက်နက်ကိုင်အဖွဲ့ ARSA ၏ ခေါင်းဆောင် အာတာအူလ္လာ (Ata Ullah) ကို နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) မှ ဖမ်းဝရမ်းထုတ်ပြန်ပေးရန် Fortify Rights အဖွဲ့က မေလ ၂၁ ရက်နေ့တွင် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
အဆိုပါ တောင်းဆိုချက်တွင် ARSA အဖွဲ့က စစ်ရာဇဝတ်မှုများနှင့် မူဆလင်အချင်းချင်း ပစ်မှတ်ထားလုပ်ဆောင်ခဲ့သည့် လူသတ်မှု၊ ပြန်ပေးဆွဲမှု၊ နှိပ်စက်ညှဉ်းပန်းမှုများအပါအဝင် လူသားမျိုးနွယ်စုများအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို အဓိက အာရုံစိုက်စေကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဩဂုတ်လ ၂၅ ရက်နေ့တွင် ARSA အဖွဲ့က အဓိကတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မူဆလင်မဟုတ်သော လူမျိုးနွယ်စုများအပေါ် ကျူးလွန်ခဲ့သည့် ဖြစ်ရပ်များကို နိုင်ငံတကာအသိုင်းအဝိုင်းက အာရုံစိုက်မှု နည်းပါးခဲ့ကြသည်။
ယင်းအချိန်တွင် မြန်မာစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများကိုသာ နိုင်ငံတကာက အဓိကအာရုံစိုက်ခဲ့ပြီး ARSA ၏ အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ စေ့စေ့စပ်စပ် အရေးယူဆောင်ရွက်မှုများ နည်းပါးခဲ့သည်။
မူဆလင်မဟုတ်သူများအပေါ် ARSA အဖွဲ့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများ
၂၀၁၈ ခုနှစ်၊ မေလအတွင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International အဖွဲ့က ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်၊ ခမောင်းဆိပ်ကျေးရွာတွင် ဟိန္ဒူဘာသာဝင်များကို ARSA အဖွဲ့က ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည့် ခိုင်လုံသော သက်သေအထောက်အထားများ ရရှိထားကြောင်း ထုတ်ပြန်ခဲ့သည်။
Amnesty International ၏ အစီရင်ခံစာအရ ARSA အဖွဲ့သည် ဟိန္ဒူဘာသာဝင် ရာနှင့်ချီကို စနစ်တကျ စီရင်ကွပ်မျက်မှုများ ပြုလုပ်ခဲ့ပြီး အချို့ကို ပြန်ပေးဆွဲခဲ့ကြောင်း ဖော်ပြထားသည်။ အနည်းဆုံး ဟိန္ဒူဘာသာဝင် ၉၉ ဦး သေဆုံးခဲ့ရသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် ARSA တွင် တာဝန်ရှိကြောင်း Amnesty International က ဆိုခဲ့သည်။
တက်ကြွလှုပ်ရှားသူများနှင့် အဖွဲ့အစည်းများ၏ ယခင်ကာကွယ်ပြောဆိုချက်များ
မြန်မာစစ်တပ်၏ ရာဇဝတ်မှုများကို အဓိက ရှုတ်ချခဲ့ကြသော်လည်း ARSA ၏ လုပ်ရပ်များကိုမူ “ဆက်စပ်အခြေအနေများ” ဖြင့် ရှင်းလင်းကာ ကာကွယ်ပြောဆိုမှုများ ရှိခဲ့သည်။
ထို့ပြင် IIFFMM နှင့် IIMM ကဲ့သို့သော ကုလသမဂ္ဂဆိုင်ရာ စုံစမ်းရေးယန္တရားများသည် ARSA ၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် အလေးပေးဖော်ပြမှု နည်းပါးကြောင်း ဝေဖန်ခံခဲ့ရသည်။
ARSA အဖွဲ့အပေါ် ဒေါက်တာမောင်ဇာနည်၏ အတိတ်က ရပ်တည်ချက်နှင့် လက်ရှိတာဝန်ခံမှုကို တွန်းအားပေးခြင်း
ဒေါက်တာမောင်ဇာနည်သည် ထင်ရှားသော မြန်မာပညာရှင်၊ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ သုတေသီနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဖြစ်ပြီး အရေးကြီးသည့် တာဝန်များစွာကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထို့အပြင် Free Rohingya Coalition – FRC) ကို ပူးတွဲတည်ထောင်သူ၊ မြန်မာနိုင်ငံဆိုင်ရာ ညှိနှိုင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သကဲ့သို့ Forces of Renewal Southeast Asia (FORSEA) ကိုလည်း ပူးတွဲတည်ထောင်ခဲ့သူနှင့် Burmese Rohingya Organisation UK (BROUK) ကဲ့သို့သော အဖွဲ့အစည်းများတွင်လည်း ပူးပေါင်းဆောင်ရွက်ခဲ့သူဖြစ်သည်။
၂၀၁၇ ခုနှစ်၊ စက်တင်ဘာလအတွင်း ARSA ၏ တိုက်ခိုက်မှုဖြစ်ပွားပြီး မကြာမီကာလအတွင်း Al Jazeera သတင်းဌာနနှင့် ပြုလုပ်သည့် အင်တာဗျူးတစ်ခုတွင် ဒေါက်တာမောင်ဇာနည်က ARSA ကို ပြင်းပြင်းထန်ထန် ကာကွယ်ပြောဆိုခဲ့သည်။
“ဒါဟာ မြန်မာ့လူ့အဖွဲ့အစည်းကို ဗဟိုပြု တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့ အကြမ်းဖက်အဖွဲ့ မဟုတ်ပါဘူး။ သူတို့ဟာ နာဇီအကျဉ်းစခန်းတွေလို အခြေအနေမျိုးမှာ နေထိုင်နေရတဲ့ သူတို့ရဲ့ လူမျိုးတွေကို ကာကွယ်ဖို့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တဲ့အဖွဲ့ ဖွဲ့စည်းခဲ့ကြတဲ့ မျှော်လင့်ချက်မဲ့နေသူတွေ ဖြစ်ပါတယ်။ ARSA အဖွဲ့ရဲ့ လုပ်ရပ်တွေဟာ ၁၉၄၄ ခုနှစ်က နာဇီတွေကို ပြန်တော်လှန်ခဲ့တဲ့ (Auschwitz စခန်းမှ) ဂျူးအကျဉ်းသားတွေလိုပါပဲ” ဟု ၎င်းက ပြောဆိုခဲ့သည်။
သို့သော် ၂၀၁၈ ခုနှစ်တွင် Amnesty International ၏ ဟိန္ဒူဘာသာဝင်များအပေါ် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပေါ် အစီရင်ခံစာ ထွက်ပေါ်လာချိန်တွင် ဒေါက်တာမောင်ဇာနည်က ယင်းအစီရင်ခံစာ၏ သက်သေအထောက်အထားများနှင့် စုံစမ်းစစ်ဆေးမှုပုံစံများကို မေးခွန်းထုတ်ခဲ့ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။
၎င်းက ယင်းအစီရင်ခံစာသည် မူဆလင်မုန်းတီးရေးကို ပိုမိုနက်ရှိုင်းစေကာ စစ်တပ်၏ ဝါဒဖြန့်ချိရေးကို အထောက်အကူဖြစ်စေကြောင်း စွပ်စွဲခဲ့ပြီး တွေ့ရှိချက်များအပေါ် သံသယဖြစ်စေမည့် လူထုဆွေးနွေးပွဲများတွင်လည်း ပါဝင်ဆွေးနွေးခဲ့သည်။
၂၀၂၆ ခုနှစ်တွင် Fortify Rights အဖွဲ့၏ တောင်းဆိုချက်နှင့် နှိုင်းယှဉ်သုံးသပ်ချက်
လက်ရှိ Fortify Rights ၏ တွန်းအားပေး တောင်းဆိုမှုမှာ အာတာအူလ္လာအား ICC က ဖမ်းဝရမ်းထုတ်ပေးရန် တောင်းဆိုချက်သည် ကျယ်ပြန့်ပြီး စနစ်တကျ တာဝန်ခံမှုရရှိရေးဘက်သို့ အရေးပါသည့် ပြောင်းလဲမှုတစ်ရပ်ကို ဖော်ပြနေသည်။
ဒေါက်တာမောင်ဇာနည်အပါအဝင် တက်ကြွလှုပ်ရှားသူအချို့သည် ယခင်က မူဆလင်များအပေါ် စစ်တပ်က ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်မှုများကို အဓိက ဦးစားပေးမှတ်တမ်းတင်ခဲ့ကြသော်လည်း မူဆလင်အသံများ၏ ထောက်ခံမှုဖြင့် ဖော်ဆောင်ထားသည့် Fortify Rights ၏ အစီအစဉ်သည် တရားမျှတမှုရရှိရေးအတွက် မူဆလင်မဟုတ်သူများနှင့် မူဆလင်အချင်းချင်းအပေါ် ARSA က ကျူးလွန်ခဲ့သည့် ပြစ်မှုများအား ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုထားသည်။
၂၀၁၇ ခုနှစ်အတွင်း ARSA ကို “ကိုယ့်ကိုယ်ကို ခုခံကာကွယ်ရေးအဖွဲ့” အဖြစ် ပုံဖော်ခဲ့သည့် အခြေအနေမှ ယနေ့တွင် ယင်းအဖွဲ့ခေါင်းဆောင်ကို ICC တွင် တရားစွဲဆိုရန် တောင်းဆိုလာသည့်အထိ တက်ကြွလှုပ်ရှားသူအသိုင်းအဝိုင်းအတွင်း ဆွေးနွေးမှုများ ပြောင်းလဲလာခြင်းကို မီးမောင်းထိုးပြနေသည်။
ထိုစဉ်ကာလက မူဆလင်ဒုက္ခသည်အကျပ်အတည်းအပေါ် ကမ္ဘာလုံးဆိုင်ရာ မကျေနပ်မှုနှင့် စိတ်ထိခိုက်မှုများကြား၌ တက်ကြွလှုပ်ရှားသူအများစု၏ ပုံဖော်မှုများသည် ARSA အပေါ် စာနာနားလည်ပေးသည့်ဘက်သို့ ရောက်ရှိခဲ့သည်ဟု လေ့လာသူများက သုံးသပ်ကြသည်။
လက်ရှိအခြေအနေကို ပြန်လည်သုံးသပ်ခြင်း
Fortify Rights ၏ ၂၀၂၆ ခုနှစ် တောင်းဆိုချက်တွင် “တရားမျှတမှုဖော်ဆောင်ရေး ကြိုးပမ်းမှုများသည် ကျူးလွန်သူအားလုံးနှင့် သက်ဆိုင်ရမည်” ဟု အလေးအနက် ဖော်ပြထားပြီး ၂၀၁၇ ခုနှစ် ဖြစ်ရပ်များအပြင် ဒုက္ခသည်စခန်းများအတွင်း ARSA ၏ အလွဲသုံးစားလုပ်မှုများကိုပါ ထောက်ပြထားသည်။ ဤအချက်မှာ မျှတသော တရားမျှတမှုကို တောင်းဆိုမှုများ ပိုမိုတိုးလာနေကြောင်းကို ဖော်ပြသည်။
မူဆလင် အကျပ်အတည်းသည် အလွန်ရှုပ်ထွေးနေဆဲဖြစ်ပြီး စစ်ကော်မရှင်၏ ရက်စက်ကြမ်းကြုတ်မှုများရှိခဲ့သကဲ့သို့ ARSA ၏ လုပ်ရပ်များကလည်း အခင်းအကျင်းကို ပိုမိုရှုပ်ထွေးစေခဲ့သည်။
ထို့ကြောင့် ရေရှည်တည်တံ့သော တရားမျှတမှုရရှိရန်အတွက် အဖွဲ့အစည်းအားလုံး၏ ကျူးလွန်မှုများကို ရင်ဆိုင်ဖြေရှင်းရန် လိုအပ်နေသည်။
ICC ၏ လုပ်ဆောင်ချက်များ အမှန်တကယ် ဖြစ်ပေါ်လာမလာကိုတော့ ဆက်လက် စောင့်ကြည့်ရမည်ဖြစ်သော်လည်း ဤတောင်းဆိုမှုသည် ပိုမိုရင့်ကျက်ပြီး မျှတမှုရှိလာသော ဆွေးနွေးပြောဆိုမှုတစ်ရပ်ကို ဖော်ပြနေသည်ကို တွေ့ရှိရသည်။