သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၂၄ ဦးကို လူသားချင်းစာနာမှုဖြင့် အာရက္ခတပ်တော် ပြန်လည်လွှဲပြောင်း ပေးအပ်

AB News – ဩဂုတ် ၁၉၊ ၂၀၂၆

ရက္ခိုင်ပြည်၊ မောင်တောမြို့နယ်အတွင်း အာရက္ခရေပိုင်နက်သို့ ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်ငါးဖမ်းမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၂၄ ဦးကို အာရက္ခတပ်တော် AA က လူသားချင်းစာနာမှုအရ ယနေ့ ဩဂုတ် ၁၉ ရက်တွင် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သည်။

အဆိုပါ ရေလုပ်သားများသည် ၂၀၂၄ နှင့် ၂၀၂၅ ခုနှစ်များအတွင်း အာရက္ခရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်ငါးဖမ်းခဲ့မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရသူများဖြစ်ပြီး မောင်တောမြို့နယ်၊ ကညင်ချောင်းစီးပွားရေးဇုန်အနီးရှိ နတ်မြစ်အတွင်း နှစ်ဖက်တာဝန်ရှိသူများထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်သည်။

လွှဲပြောင်းပေးအပ်ရာတွင် အာရက္ခတပ်တော်ဘက်မှ တာဝန်ရှိသူများနှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB ဘက်မှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရေလုပ်သားများကို ဘေးကင်းလုံခြုံစွာ လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။

အာရက္ခတပ်တော်ဘက်မှ လုံခြုံရေးအင်အား ၆၀ ကျော်ဖြင့် ရေလုပ်သားများကို နတ်မြစ်အတွင်း လွှဲပြောင်းပေးအပ်သည့်နေရာအထိ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး BGB တာဝန်ရှိသူများထံ ဘေးအန္တရာယ်ကင်းရှင်းစွာ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ပြန်လည်လွတ်မြောက်လာသည့် ရေလုပ်သားတစ်ဦးက လူသားချင်းစာနာမှုဖြင့် ပြန်လည်လွှတ်ပေးခဲ့သည့်အတွက် အာရက္ခတပ်တော်အား ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပြီး နောင်တွင် အာရက္ခရေပိုင်နက်အတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ငါးဖမ်းခြင်း မပြုလုပ်တော့မည်ဟု ပြောဆိုခဲ့သည်။

အာရက္ခတပ်တော်ဘက်က အာရက္ခရေပိုင်နက်အတွင်း ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ငါးဖမ်းခြင်း မပြုလုပ်ရန် အကြိမ်ကြိမ် တားမြစ်သတိပေးမှုများ ပြုလုပ်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ရေလုပ်သားအချို့က ဆက်လက်ဝင်ရောက်ငါးဖမ်းမှုများ ရှိနေသဖြင့် ဖမ်းဆီးအရေးယူမှုများ ဆက်လက်ပြုလုပ်နေကြောင်း သိရသည်။

ယင်းသို့ ဝင်ရောက်ငါးဖမ်းသူများကို ဖမ်းဆီးထိန်းသိမ်းကာ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်နေသည့်အပြင် ဖမ်းဆီးထားသူများ၏ အခြေအနေကို ထည့်သွင်းစဉ်းစား၍ လူသားချင်းစာနာမှုအရ ပြန်လည်လွှဲပြောင်း ပေးအပ်မှုများလည်း ပြုလုပ်နေခြင်းဖြစ်သည်။

ယခင်ကလည်း အာရက္ခရေပိုင်နက်အတွင်း ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်ငါးဖမ်းမှုဖြင့် ဖမ်းဆီးအရေးယူခံထားရသည့် ဘင်္ဂလားဒေ့ရှ် ရေလုပ်သား ၇၃ ဦးကို အာရက္ခတပ်တော်က ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့သည်။

နိုင်ငံရေးလေ့လာသူတစ်ဦးက ယခုကဲ့သို့ ရေလုပ်သားများကို လူသားချင်းစာနာမှုအရ ပြန်လည် လွှတ်ပေးခြင်းသည် လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဆောင်ချက်တစ်ရပ်ဖြစ်သကဲ့သို့ နှစ်ဖက်ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် ယုံကြည်မှု တည်ဆောက်ရာတွင်လည်း အထောက်အကူပြုနိုင်ကြောင်း သုံးသပ်သည်။

” ရေလုပ်သားတွေကို လူသားချင်းစာနာမှုအရ ပြန်လည်လွှတ်ပေးတာဟာ လူသားချင်းစာနာမှုကို အခြေခံတဲ့ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း နယ်စပ်ဒေသအတွင်း ဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို နှစ်ဖက်ဆွေးနွေးညှိနှိုင်းပြီး ဖြေရှင်းနိုင်ဖို့ ယုံကြည်မှုတည်ဆောက်ရာမှာ အထောက်အကူဖြစ်နိုင်ပါတယ်။ ဒီလို လုပ်ဆောင်မှုတွေ ဆက်လက်ရှိလာမယ်ဆိုရင် နှစ်ဖက်ဆက်ဆံရေး ပိုမိုကောင်းမွန်လာနိုင်ပါတယ် “ဟု ၎င်းက ပြောသည်။

ယခုလွှဲပြောင်းပေးအပ်မှုတွင် နတ်မြစ်အတွင်း အာရက္ခတပ်တော်နှင့် BGB တာဝန်ရှိသူများ တိုက်ရိုက် တွေ့ဆုံဆွေးနွေးခဲ့ခြင်းသည် နှစ်ဖက်အကြား ရေလုပ်သားနှင့် ရေပိုင်နက်ဆိုင်ရာ ပြဿနာများကို ဆက်လက်ညှိနှိုင်းဖြေရှင်းနိုင်ရန် အရေးပါသည့် ဆက်သွယ်ရေးလမ်းကြောင်းတစ်ရပ် ဖြစ်လာနိုင်ကြောင်းလည်း လေ့လာသူများက သုံးသပ်ကြသည်။

အာရက္ခရေပိုင်နက်အတွင်း တရားမဝင်ဝင်ရောက်ငါးဖမ်းမှုများကို တားဆီးရန်အတွက် အာရက္ခတပ်တော်ဘက်က ဆက်လက်စောင့်ကြည့်ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နေပြီး တစ်ချိန်တည်းတွင် လူသားချင်းစာနာမှုအရ ပြန်လည်လွှဲပြောင်းပေးအပ်မှုများ ပြုလုပ်ခြင်းဖြင့် နယ်စပ်ဒေသအတွင်း တင်းမာမှုများ လျော့ကျစေရန်နှင့် နှစ်ဖက်ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေရန် လမ်းဖွင့်ပေးနေသည့် လုပ်ဆောင်ချက်တစ်ရပ်အဖြစ် ရှုမြင်နိုင်သည်။

ပုံ/စာ – နတ်မြစ်အတွင်း ဘင်္ဂလားဒေ့ရှ် ရေလုပ်သားများ ပြန်လည်လွှဲပြောင်း ပေးအပ်ရာတွင် အာရက္ခတပ်တော် AA နှင့် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးနေစဉ်။ ( Photo – Hein Tun / AB News)

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ