
AB News – မေ ၁၅၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်များကို စစ်ကော်မရှင်တပ်က ယနေ့ မေလ ၁၅ ရက်၊ နံနက် ၉ နာရီခန့်အချိန်တွင် ဂျက်ဖိုက်တာ ၂ စီးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ကနဦး စုံစမ်းသိရှိရသည်။
“မြို့တွင်းကို ဒီနေ့ ၉ နာရီလောက်မှာ ဗုံးကြဲသွားပါတာ။ ဗုံး ၃ လုံး ကြဲချခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်ပျက်စီးမှုတွေကို တော့ မသိရသေးပါဘူး” ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက ဆိုသည်။
စစ်ကော်မရှင်တပ်သည် ပုဏ္ဏားကျွန်းမြို့ပေါ်ကို လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်လေ့ရှိသောကြောင့် ပြည်သူများမှာ နေရပ်မပြန်ရဲဘဲ ဖြစ်နေကြကြောင်း ဒေသခံများပြောသည်။
“မြို့ပေါ်ရပ်ကွက်ထဲကို ဗုံးကြဲသွားပါတယ်။ ဒီလို ဗုံးကြဲနေတာကြောင့် မြို့ခံတွေလည်း မြို့ထဲ မဝင်ရဲကြဘူး။ စကမ လေတပ်က ကျနော်တို့ မြို့ကို လုံးဝ ဖျက်ဆီးနေတာပါ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ပုဏ္ဏားကျွန်းမြို့ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ပျက်စီးမှု အသေးစိတ်ကို Arakan Bay News သတင်းဌာနက ဆက်လက်စုံစမ်းပြီး တင်ဆက်သွားပါမည်။