သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပုဏ္ဏားကျွန်းမြို့နယ်တွင် စစ်ရှောင်အမျိုးသမီးများအား ရက္ခိုင်မျိုးချစ်လူငယ် ဖောင်ဒေးရှင်းမှ အမျိုးသမီးလစဉ်သုံးပစ္စည်းများ လှူဒါန်း



AB News – မေ ၁၄၊ ၂၀၂၆

ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းတစ်ခုတွင် ယနေ့ မေလ ၁၄ ရက်နေ့က ရက္ခိုင်မျိုးချစ်လူငယ် ဖောင်ဒေးရှင်းမှ အမျိုးသမီးများအတွက် လိုအပ်သော လစဥ်သုံးပစ္စည်းများ ကူညီလှူဒါန်းခဲ့ကြောင်း သိရသည်။

ယနေ့ မေလ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီခန့်တွင် ပုဏ္ဏကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်းစခန်းတစ်ခုမှာ ရက္ခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်းမှ အမျိုးသမီးလစဥ်သုံး အခုရေ ၃၀၀ ကျော်ကို သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါကူညီလှူဒါန်းမှုတွင် စစ်ရှောင်အမျိုးသမီး တစ်ဦးလျှင် လစဥ်သုံးပစ္စည်း ၄ ခုနှုန်းဖြင့် အမျိုးသမီး ၈၀ ခန့်ကို ကူညီထောက်ပံပေးနိုင်ခဲ့ကြောင်း သိရသည်။


ယင်းအပြင် စစ်ဘေးရှောင်စခန်းများတွင် အလုပ်အကိုင်ရှားပါးမှုကြောင့် စစ်ဘေးရှောင်များမှာ တစ်နေ့တာ ဝမ်းရေးကိုသာ အနိုင်နိုင် ဖြေရှင်းနေကြရပြီး လစဥ်သုံးများ ဝယ်ယူသုံးစွဲနိုင်ရန် အခက်အခဲများစွာရှိနေကြောင်း သိရသည်။


ဤကဲ့သို့ လစဥ်သုံးပစ္စည်းများ ဝယ်ယူသုံးစွဲရန် မတတ်နိုင်သဖြင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ခဲ့ရကြောင်း စစ်ရှောင်အမျိုးသမီးတစ်ဦးက Arakan Bay News သို့ ပြောသည်။

“အခုလို စစ်ရှောင်ဘဝမှာ မိန်းကလေးငယ်တွေက တစ်ကိုယ်ရည်သုံးပစ္စည်းတွေ ဝယ်ယူဖို့ ငွေကြေး ကျပ်တည်လာတဲ့အခါ မသန့်ရှင်းတဲ့ အဝတ်တွေကို အသုံးပြုကြတဲ့အတွက် မိန်းမကိုယ် ပိုးဝင်တာတွေကြောင့် ဆေးခန်းသွားပြရတဲ့ သူတွေလည်း စခန်းမှာ အများကြီးမြင်တွေ့ရပါတယ်” ဟု ပြောသည်။

ထို့အပြင် စစ်ရှောင်အမျိုးသမီးတစ်ဦး၏ တနေ့တာလုပ်အားခမှာ ၅၀၀၀ ကျပ်မှ ၁၀၀၀၀ ကျပ်ခန့်သာရှိပြီး လက်ရှိ ရက္ခိုင်တွင် ကုန်စျေးနှုန်းများ အဆမတန် မြင့်တက်နေမှုများကြောင့် တစ်နေ့တာအတွက် မိသားစုတစ်ခု၏ စားဝတ်နေရေးအတွက် ကုန်ကျစရိတ်မှာ အနည်းဆုံး ၂၀၀၀၀ အထိရှိ၍ စစ်ရှောင်ပြည်သူများမှာ များစွာအခက်အခဲရှိနေကြောင်း ဆိုသည်။

ထို့ပြင် ယခုကူညီလှူဒါန်းမှုသည် စစ်ရှောင်အမျိုးသမီးများ၏ တစ်ကိုယ်ရည်သန်ရှင်းမှုနှင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို တစ်စိတ်တစ်ဒေသ ကူညီဖြေရှင်းနိုင်ရန် ရည်ရွယ်ပြီး အခြေခံလိုအပ်ချက်ဖြစ်သည့် အမျိုးသမီးလစဥ်သုံးများကို လှူဒါန်းရခြင်းဖြစ်ကြောင်း ရက္ခိုင်မျိုးချစ်လူငယ်ဖောင်ဒေးရှင်း ဥက္ကဌ က Arakan Bay News သို့ ပြောသည်။

“ကျနော်တို့ သွားရောက်လှူဒါန်းခဲ့တဲ့ စစ်ရှောင်စခန်းဟာ ဆောက်လုပ်ထားတာ မကြာသေးတဲ့ စခန်းအသစ် တစ်ခုလည်းဖြစ်ပါတယ်။ ဒီစစ်ရှောင် စခန်းမှာက စားဝတ်နေရေး မပြေလည်မှုတွေကို အရမ်းရင်ဆိုင်နေကြရပါတယ်။ ဒီစခန်းကို ပြီးခဲ့တဲ့ ၄ လ လောက်က တခြားအဖွဲ့အစည်းတစ်ခုကနေ လာရောက်ပြီး အမျိုးသမီးလစဥ်သုံးပစ္စည်းတွေ လာရောက်ကူညီတာမျိုးတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် စခန်းဆောက်လုပ်ပြီးကတည်းက အခုလက်ရှိထိ စစ်ရှောင်တွေဟာ တစ်ခြား ဘာအထောက်အပံအကူအညီမှ မရရှိကြသေးပါဘူး။ တစ်ဖက်မှာလည်း မိုးရာသီရောက်ရှိလာတော့မှာ ဖြစ်လို့ အလုပ်အကိုင်ရှားပါမှုတွေ ပိုမိုမြင့်တက်လာပြီး စားဝတ်နေရေး အခုထက် ကျပ်တည်းလာမှာကို စစ်ရှောင်တွေ စိုးရိမ်နေကြပါတယ်” ဟု ပြောသည်။

လက်ရှိမှာ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း စစ်ဘေးရှောင်ပြည်သူအများအပြား နေထိုင်နေကြပြီး စစ်ဘေးရှောင်များမှာ အစားအစာနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးအကူအညီများ၊ မိုးရာသီကာလမတိုင်မှီ အမိုးအကာ လုံလောက်စွာရရှိရေး စသည့်အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။

ရက္ခိုင်တွင် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းက ကောက်ယူရရှိထားသည့် စာရင်းများအရ ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် စစ်ရှောင်ပြည်သူ ၅ သောင်းကျော်အထိ ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ