AB News – ဇွန် ၁၁၊ ၂၀၂၆
တောင်ကုတ်ခရိုင်တွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ စစ်ရှောင်များအပါအဝင် ဒေသခံပြည်သူများအား ပြီးခဲ့သည့် ဇွန်လ ၇ ရက်နေ့မှ ၈ ရက်နေ့အထိ ၂ ရက်တာ ကွင်းဆင်း၍ အခမဲ့ ဆေးကုသပေးခဲ့ကြောင်း သိရသည်။
တောင်ကုတ်ခရိုင်အတွင်းရှိ ကျေးရွာ ၁၂ ရွာမှ စစ်ရှောင်များနှင့် ဒေသခံပြည်သူများကို အရေးပြားရောဂါနှင့် ငှက်ဖျားစစ်ဆေးမှုများကို အခမဲ့ကုသပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်း ဆေးကုသမှုလုပ်ငန်းစဥ်အတွင်း ငှက်ဖျားရောဂါ ကုသစစ်ဆေးပေးခဲ့သူ ၄၆ ဦးအထိရှိခဲ့ပြီး ၎င်းတို့အထဲမှ ၅ ဦးတွင် ငှက်ဖျားရောဂါပိုး တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးမှ ပြောသည်။
အလားတူ ARE နှင့် HDCO မှ ဆေးခြင်ထောင်များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနသည် ရက္ခိုင်ပြည်အတွင်းရှိ စစ်ဘေးရှောင်များနှင့် ဒေသခံပြည်သူလူထူများအား အခမဲ့ ကာကွယ်ဆေးထိုးပေးခြင်း၊ မိခင်နှင့် ကလေး ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ၊ အခြေခံဆေးကုသမှုများ ဆောင်ရွက်ပေးခြင်းနှင့် အထွေထွေရောဂါကုသခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးလျှက်ရှိသည်။
အလားတူ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ရက္ခိုင်ပြည်၌ မိုးရာသီကာလတွင် အဖြစ်များသော သွေးလွန်တုတ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအစီအစဥ်များကိုလည်း အရှိန်အဟုန်မြှင့် လုပ်ဆောင်နေသည်ကို တွေ့ရှိရသည်။
ဓာတ်ပုံ – APM




