
AB News – ဇွန် ၆၊ ၂၀၂၆
ရက္ခိုင်ပြည်၊ စစ်တွေမြို့မှ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ရန် ကြိုးပမ်းစဉ် မူဆလင်မိသားစုဝင် ခြောက်ဦး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခံခဲ့ရကြောင်း ကျန်ရစ်သူများ နှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။
သေဆုံးခဲ့ရသူများမှာ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာ ရဲစခန်းတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အရာခံဗိုလ် (စာရေး) နုမောင်၏ သားဖြစ်သူ မောင်လှမြင့်၏ မိသားစုဝင်များဖြစ်ကြောင်း သိရသည်။
မောင်လှမြင့်နှင့် မိသားစုဝင် ၇ ဦးသည် သားသမီးများ၏ ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၃ ခုနှစ်ခန့်ကတည်းက ဘူးသီးတောင်မြို့နယ်၊ ဘုရားပြင်အောင်ပဒေသမှ စစ်တွေမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြပြီး ရန်ကုန်နှင့် စစ်တွေမြို့ရှိ ဆေးရုံများတွင် ဆေးကုသမှုခံယူခဲ့ကြသော်လည်း ကျန်းမာရေးအခြေအနေမှာ တိုးတက်ကောင်းမွန်လာခြင်း မရှိခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
စစ်တွေဒေသအတွင်း တိုက်ပွဲများ ပြင်းထန်လာပြီးနောက် ဘေးလွတ်ရာသို့ ထွက်ခွာရန် ပြောဆိုမှုများရှိခဲ့သော်လည်း စစ်ရေးအခြေအနေကြောင့် မိသားစုဝင်များမှာ ဆက်လက် နေထိုင်ခဲ့ရကြောင်း သိရသည်။
၂၀၂၆ ခုနှစ် မေလ ၂၃ ရက် ည ၁၀ နာရီခန့်တွင် လူမမာဖြစ်နေသည့် သမီးကြီးကို ထမ်းပိုးကာ လှေရှိရာသို့ သွားရောက်နေစဉ် မိုးခြိမ်းလျှပ်စီးလက်၍ အလင်းရောင် ထွက်ပေါ်လာရာမှ စစ်ကော်မရှင် တပ်ဖွဲ့ဝင်များက တွေ့ရှိပြီး သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း မိသားစုဝင်များ က ပြောသည်။
နောက်တစ်နေ့တွင် အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သူများက အသက် ၄ နှစ်အရွယ် အငယ်ဆုံး သားငယ်တစ်ဦး အသက်ရှင်လျက်ရှိနေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
မိသားစုနှင့် နီးစပ်သူတစ်ဦးက “မူဆလင်ပြည်သူ့စစ်နဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အဲဒီနေရာကို သွားကြည့်ရာမှာ အငယ်ဆုံးကလေးငယ်တစ်ယောက်က သူ့အဖေရဲ့ ခန္ဓာကိုယ်ကို ပွေ့ဖက်ပြီး အသက်ရှင်လျက်ရှိနေတာ တွေ့ခဲ့ရတယ်။ အဲ့ဒီကလေးကို အသက်ရှင်ခွင့်ပေးဖို့ မူဆလင် ပြည်သူ့စစ်တွေက တောင်းပန်ခဲ့ကြပေမယ့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေက ဒီကောင်ဟာ ရန်သူ၊ ဒီကောင်ကြောင့် ပြဿနာဖြစ်လာနိုင်တယ် လို့ ပြောပြီး သေဆုံးနေတဲ့ သူ့ဖခင်ရဲ့ ရင်ခွင်ပေါ်မှာပဲ သေနတ်နဲ့ နှစ်ကြိမ် ပစ်ခတ်သတ်ဖြတ်ခဲ့တယ်” ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “သူတို့မှာ ရောဂါသည်တွေများပြီး ဝင်ငွေလည်း မရှိတော့ဘူး။ စစ်တွေမှာ အခြေအနေ ပိုဆိုးလာလို့ အသက်ရှင်နိုင်ဖို့ ထွက်ပြေးဖို့ပဲ စဉ်းစားခဲ့ကြတာပါ။ ဘယ်သူကမှ မိသားစုတစ်ခုလုံး ဒီလိုဆုံးရှုံးသွားလိမ့်မယ်လို့ မထင်ထားခဲ့ကြဘူး” ဟု ဆိုသည်။
ထို့နောက် သေဆုံးသူ ခြောက်ဦး၏ ရုပ်အလောင်းများကို တွင်းတစ်ခုအတွင်း မြှုပ်နှံခဲ့ပြီး မိသားစုထံတွင် ပါရှိသည့် ငွေသား ကျပ်သိန်း ၄၀ ကျော်၊ ရွှေလက်ဝတ်ရတနာများနှင့် အခြားပစ္စည်းများကိုလည်း ယူဆောင်သွားခဲ့ကြောင်း နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။
လူမမာဖြစ်နေသည့် သမီးကြီးနှင့် လှေသမားများမှာ ကံကောင်းစွာဖြင့် လွတ်မြောက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ပွဲစားများက စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်များကို ဖြတ်သန်းနိုင်ရေးအတွက် စီစဉ်ပေးမည်ဟုဆိုကာ ငွေကြေးများ ရယူခဲ့ပြီး လှေခနှင့် အခြားကုန်ကျစရိတ်များအပါအဝင် ငွေကျပ် ၁၇ သိန်းခန့် ရယူထားကြောင်း သိရသည်။
နောက်တွင် လူမမာဖြစ်နေသည့် သမီးဖြစ်သူကို ပြန်လည် ခေါ်ဆောင်ရန်အတွက် ထပ်မံ၍ ငွေကျပ် ၇ သိန်း တောင်းခံခဲ့ကြောင်း မိသားစုဝင်များက ဆိုသည်။
စစ်ဆေးရေးဂိတ်များကို ရှင်းလင်းပေးမည်ဟု လူပွဲစားများက ကတိပြုခဲ့သော်လည်း ယင်းကတိအတိုင်း ဆောင်ရွက်ခြင်းမရှိခဲ့သဖြင့် မိသားစုတစ်ခုလုံး အသက်ဆုံးရှုံးရသည့် အကြောင်းရင်းတစ်ရပ် ဖြစ်နိုင်ကြောင်း နီးစပ်သူများက စွပ်စွဲပြောဆိုထားသည်။
ကျန်ရစ်သူ မိသားစုဝင်တစ်ဦးက “လူပွဲစားတွေက စစ်ဆေးရေးဂိတ်တွေကို အဆင်ပြေအောင် လုပ်ပေးမယ်ဆိုပြီး ငွေယူခဲ့ကြတယ်။ အားလုံးက အသက်ရှင်ဖို့ မျှော်လင့်ချက်နဲ့ ထွက်ခဲ့ကြတာ။ အခုတော့ မိသားစုတစ်ခုလုံး ဆုံးရှုံးသွားရတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှန်တရား ပေါ်ပေါက်စေချင်ပါတယ်” ဟု ဆိုသည်။
လက်ရှိတွင် မူဆလင်ပြည်သူ့စစ်အဖွဲ့များ နှင့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့မှ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရန် ကြိုးပမ်းနေသည့် ဒေသခံများအား သေနတ်ဖြင့် လိုက်လံပစ်ခတ်မှုများ ပြုလုပ်နေကြောင်း ဒေသခံများနှင့် နီးစပ်သူများက ပြောဆိုထားသည်။
ထို့ကြောင့် စစ်ဘေးတိမ်းရှောင်ရန် ကြိုးပမ်းနေသည့် အရပ်သားပြည်သူများ၏ လုံခြုံရေးအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လျက်ရှိကြောင်း သိရသည်။