AB News – ဧပြီ ၂၅၊ ၂၀၂၆
ရက္ခိုင်တွင် ကျင်းပပြုလုပ်သည့် စတုတ္ထအကြိမ်မြောက် နွေရာသီတစ်လတာ ခရစ်ယာန်ကျမ်းစာကျောင်းဆင်းလက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ULA/AA မှ တာဝန်ရှိသူများ တက်ရောက်ဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ဧပြီလ ၂၄ ရက်နေ့က ကျင်းပခဲ့သော အဆိုပါအခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများကို ဆုချီးမြှင့်ခြင်း၊ ကျောင်းဆင်းလက်မှတ်များ ပေးအပ်ခြင်းနှင့် ဆရာ၊ ဆရာမများကို အမှတ်တရလက်ဆောင်များ ပေးအပ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။
ULA/AA မှ တာဝန်ရှိသူများက ကျောင်းအုပ်ဆရာကြီးနှင့် ဘာသာရေးပြဆရာများအပါအဝင် ဘွဲ့ရ ကျောင်းသား/သူများအတွက် ဂုဏ်ပြုငွေ ၅ သိန်းကျပ် ထောက်ပံ့ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ယခုနှစ် နွေရာသီကျမ်းစာသင်တန်းတွင် သင်တန်းအဆင့်အလိုက် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာ ( ၁ ) Level – 1တွင် ၃၈ ဦး
( ၂ )Level – 2တွင် ၃၆ ဦး
( ၃ ) Level – 3တွင် ၁၂ ဦး
စုစုပေါင်း ၈၆ ဦး ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် ULA/AA တာဝန်ရှိသူများက အမှာစကားပြောကြားရာ၌ လူငယ်များအနေဖြင့် မိမိတို့၏ ယုံကြည်ခြင်းတွင် ခိုင်မာရန်နှင့် စာရိတ္တမဏ္ဍိုင် ဖြောင့်မတ်ရန် အလေးပေးတိုက်တွန်းခဲ့သည်။ ထို့ပြင် ပညာရေးတွင် ထူးချွန်ရန်၊ လူမျိုးအကျိုးအတွက် တာဝန်ယူစိတ်ရှိရန်နှင့် နိုင်ငံရေး၊ လူမှုရေးကဏ္ဍများတွင် တက်ကြွစွာပါဝင်ကာ အမှန်တရားနှင့် တရားမျှတမှုအတွက် ရဲရင့်စွာရပ်တည်ကြရန် နှိုးဆော်ခဲ့ကြသည်။
အဆိုပါ ကျောင်းဆင်းပွဲသို့ ဒေသခံများနှင့် ဖိတ်ကြားထားသူ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ဧည့်သည်တော်များကို ထမင်းနှင့် တည်ခင်းဧည့်ခံခဲ့သည်။
ယင်းနောက် ညပိုင်းအစီအစဉ်အဖြစ် ဂီတ၊ အဆို၊ အက ဖျော်ဖြေမှုများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
Photo – AB News











