AB News – ဩဂုတ် ၂၀၊ ၂၀၂၆
ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အချုပ်မှ ထွက်ပြေးလွတ်မြောက်သွားသည့် သက်ငယ်မုဒိမ်းမှု တရားခံအား ပြန်လည်ဖမ်းဆီးနိုင်ရေးအတွက် ကူညီပေးခဲ့သည့် တာဝန်သိပြည်သူ သုံးဦးကို ULA/AA က ယမန်နေ့ (ဩဂုတ် ၁၉ ရက်) တွင် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ကျောက်တော်မြို့နယ်၊ ကျောက်တစ်လုံးကျေးရွာမှ အသက် (၁၄) နှစ်နှင့် (၈) နှစ်အရွယ် ညီအစ်မနှစ်ဦးကို မုဒိမ်းမှုနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ကျူးလွန်ခဲ့သည့် သရက်တပင်ကျေးရွာနေ ဦးမောင်အေးလှ (၄၆ နှစ်) အား ဇူလိုင် ၂၉ ရက်နေ့တွင် DELPS က ၎င်း၏နေအိမ်မှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
သို့သော် တရားခံ ဦးမောင်အေးလှသည် ဩဂုတ် ၁၈ ရက် နံနက် ၄ နာရီခန့်တွင် အချုပ်မှ ထွက်ပြေးလွတ်မြောက်သွားခဲ့သဖြင့် လိုက်လံရှာဖွေရာ မဟာမုနိဘုရားအနီးတွင် တာဝန်သိပြည်သူများ၏ သတင်းပေးမှု၊ ဝိုင်းဝန်းကူညီမှုတို့ဖြင့် ပြန်လည်ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ တရားခံရှိသည့်နေရာကို သတင်းပေးပို့ခဲ့သည့် မောင်မျိုးဟိန်းကျော်အား ဆုငွေ ကျပ် ၃ သိန်းနှင့် ဖမ်းဆီးရာတွင် ဝိုင်းဝန်းကူညီခဲ့သည့် အခြားပြည်သူ နှစ်ဦးအား တစ်ဦးလျှင် ကျပ် ၂ သိန်းစီ ULA/AA က ဂုဏ်ပြုချီးမြှင့်ခဲ့သည်။
အလားတူ ဩဂုတ် ၁၄ ရက်နေ့ကလည်း စစ်တွေခရိုင် အကျဥ်းထောင်တွင် မုဒိမ်းမှုဖြင့် အကျဥ်းကျနေစဥ် ထွက်ပြေးသွားသည့် တရားခံအား ပြန်လည်ဖမ်းဆီးပေးခဲ့သည့် ပြင်ဝန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆန်းတင်အောင်ကိုလည်း ULA က ဂုဏ်ပြုငွေ ကျပ် ၁၀ သိန်း ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပုံ – ONN
