သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကုလားတန်မြစ်ဝရှိ စစ်ကော်မရှင် စစ်သင်္ဘော ၃ စီးကို AA တိုက်ခိုက်၊ ၂ စီး နှစ်မြုပ်ပြီး ၁ စီး ပြင်းထန်စွာ ပျက်စီး

AB News – အောက်တိုဘာ ၂၈၊ ၂၀၂၆

ရက္ခိုင်ပြည်၊ စစ်တွေမြို့နှင့် ဝီရဌာနေ (ပေါက်တော)မြို့နယ် အစပ်ကြားရှိ ကုလားတန်မြစ်ဝအတွင်း သွားလာနေသည့် စစ်ကော်မရှင်တပ်၏ စစ်သင်္ဘော ၃ စီးကို ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်ညတွင် အာရက္ခတပ်တော် (AA) က ရေကြောင်းစစ်ဆင်ရေးတစ်ခုဖြင့် ရှင်းလင်းတိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော ၂ စီး လုံးဝ နှစ်မြုပ်သွားခဲ့ပြီး ကျန် ၁ စီးမှာလည်း ပြင်းထန်စွာ ပျက်စီးသွားခဲ့ကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က ပြောဆိုလိုက်သည်။

စစ်တွေမြို့နှင့် အနီးဝန်းကျင် စစ်မျက်နှာအသီးသီးတွင် တိုက်ပွဲများ အရှိန်အဟုန်ဖြင့် အပြင်းအထန် ဖြစ်ပွားလျက်ရှိပြီး စစ်ကော်မရှင်တပ်သည် မြို့တွင်း၌ ပိတ်မိနေသည့် အပြစ်မဲ့ အရပ်သားပြည်သူများကို လူသားဒိုင်းကာအဖြစ် လေးလေးနက်နက် ပိတ်လှောင်ထားကာ ခုခံတိုက်ခိုက်နေကြောင်း သိရသည်။

“စစ်တွေမြို့တစ်ဝိုက် ဆက်စပ်တဲ့နေရာအားလုံးမှာ တိုက်ပွဲတွေ အပြင်းအထန် ဆက်လက်ဖြစ်ပွားနေတာရှိပါတယ်။ အကြမ်းဖက်စစ်တပ်ကလည်း စစ်တွေမြို့ထဲမှာ ပိတ်လှောင်ထားတဲ့ အပြစ်မဲ့အရပ်သားပြည်သူတွေကို လူသားဒိုင်းကာ ဓားစာခံအဖြစ်လုပ်ပြီးတော့ ယုတ်မာစွာ ခုခံတိုက်ခိုက်နေတာတွေလည်း ရှိပါတယ်” ဟု ဦးခိုင်သုခ က ဆိုသည်။

ထို့ပြင် စစ်ကော်မရှင်တပ်သည် စစ်တွေမြို့တွင်းရှိ အပြစ်မဲ့ပြည်သူများ လေကြောင်းနှင့် ရေကြောင်းမှ ပစ်ခတ်မှု အန္တရာယ်များမှ ကင်းလွတ်စေရန် မိမိတို့ဘာသာ တူးဖော်ထားသည့် ဗုံးခိုကျင်းများကို ပြည်သူများ မပုန်းခိုနိုင်အောင် လိုက်လံဖျက်ဆီး လျက်ရှိသည်။

ယင်းလုပ်ရပ်မှာ အရပ်သားပြည်သူများကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ရန် ကြိုတင်စီစဉ်မှုဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု (Crimes against Humanity) ဖြစ်ကြောင်း ဦးခိုင်သုခ က သုံးသပ်ထောက်ပြသည်။

တစ်ဆက်တည်းမှာပင် စစ်ကော်မရှင်တပ်သည် စစ်တွေ အနီးဝန်းကျင်ရှိ ငဗြီကျွန်းကို ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်ကြောင်းထိုး ကမ်းကပ်ရန် အပြင်းအထန် ကြိုးပမ်းခဲ့သော်လည်း အာရက္ခတပ်တော် (AA) ၏ အခိုင်အမာ ထိန်းချုပ်ထားမှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်။

“လွန်ခဲ့တဲ့ရက်တွေကလည်း ငဗြီကျွန်းကို ကမ်းကပ်ယူဖို့ အကြမ်းဖက်စစ်တပ်က အပြင်းအထန်ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ငဗြီကျွန်းက ကျွန်တော်တို့ရဲ့ ထိန်းချုပ်မှုအောက်မှာ အခိုင်အမာ ရှိနေပါတယ်” ဟု ဦးခိုင်သုခ က ဆိုသည်။

လက်ရှိတွင် စစ်ကော်မရှင်တပ်သည် မြေပြင်စစ်ရေးနှင့် ရေကြောင်းစစ်ဆင်ရေးများတွင် ဆက်တိုက် အရေးနိမ့်နေသဖြင့် စစ်ရေးနှင့် မသက်ဆိုင်သည့် အပြစ်မဲ့ ပြည်သူများ နေထိုင်ရာ မြို့ရွာများနှင့် စစ်ဘေးရှောင်စခန်းများကို လေကြောင်းနှင့် ရေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကို နေ့စဉ်မပြတ် ပြုလုပ်လျက်ရှိသည်။

ပုံ – Social Media

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ