သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့နယ် ဦးစွန်းတောင်ကို စစ်ကော်မရှင်က လေယာဉ်အုပ်စုလိုက်ဖြင့် ဗုံးကြဲတိုက်ခိုက်

AB News – အောက်တိုဘာ ၂၀၊ ၂၀၂၆

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ကျေးရွာအနီးဝန်းကျင်တောင်တန်းများကို စစ်ကော်မရှင်တပ်က ဂျက်တိုက်လေယာဉ်များနှင့် Y-12 များ အသုံးပြုကာ လေယာဉ်အုပ်စုလိုက်ဖြင့် နာရီနှင့်ချီ၍ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ယနေ့ အောက်တိုဘာ ၂၀ ရက်၊ နံနက် ၃ နာရီမှ စတင်ကာ ၄ နာရီကျော်အထိ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာ အနောက်ဘက်ရှိ ဦးစွန်းတောင်တောင်တန်းကို စစ်ကော်မရှင်က ဂျက်တိုက်လေယာဉ် ၆ စီး၊ Y-12 လေယာဉ် ၃ စီးခန့်ဖြင့် ပေါင် ၅၀၀ ဗုံးများအပါအဝင် ဗုံးအလုံးရေ ၂၀ ကျော် လာရောက်ကြဲချခဲ့ခြင်း ဖြစ်သည်။

ပထမအကြိမ်မှာ နံနက် ၃ နာရီ မှ ၃ နာရီ  ၃၄ မိနစ်အထိ ဂျက် ၆ စီးဖြင့် ဗုံး ၈ လုံးကြဲချခဲ့ခြင်းဖြစ်သည်။

ဒုတိယအကြိမ်မှာ နံနက် ၃ နာရီ ၃၅ မိနစ်မှ စတင်ကာ Y 12 ဖြင့် တစ်ခေါက်လျှင် ဗုံး ၄ လုံးနှုန်းဖြင့် ၄ ​ကြိမ် ဗုံး ၁၆ လုံး ကြဲချခဲ့ခြင်းဖြစ်သည်။

တတိယအကြိမ်မှာ ၃ နာရီ ၄၇ မိနစ်မှ ၄ နာရီ ၁၅ မိနစ်အထိ L410 E20 စစ်ထောက်ပို့/ဗုံးကြဲလေယာဉ်တစ်စီးဖြင့် တစ်ခေါက်လျှင် ဗုံး ၇ လုံးနှုန်းဖြင့် ၃ ကြိမ် ဗုံး ၂၁ လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အဆိုပါ ဦးစွန်းတောင်တန်းသည် ကန်စောက်တောင်နှင့် ဆက်စပ်နေပြီး ယခင်က ကန်စောက်အခြေစိုက် အမြောက်တပ် (၃၇၇) မှ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ စခန်းချခဲ့ဖူးသည့်နေရာ ဖြစ်သည်။

ယခုအခါ ၎င်းတောင်တန်းအနီးရှိ ဦးစွန်းတောင်အောက်၊ ဦးစွန်းတောင်အထက်၊ ညလီကန်၊ ကန်ချေပြင်နှင့် နီချေရွာ စသည့် ကျေးရွာများမှ ဒေသခံများမှာ လေကြောင်းအန္တရာယ်ကြောင့် ထိတ်လန့်နေကြရသည်။

စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် အောက်တိုဘာလ ၇ ရက်နှင့် ၈ ရက်နေ့များကလည်း ကျောက်တော်မြို့နယ်အတွင်းရှိ စကခ (၉) တပ်မဌာနချုပ်အနီး၊ ခမရ (၃၇၆) တပ်ရင်းဝန်းကျင်၊ ဒေါင်းတော်ယိုးရွာ၊ ရုပ်သားရွာနှင့် ကြောင်ဖိုကျေးရွာအနီးရှိ နန်းတက်သိမ်ဘုရား အနီးတို့ကို ဗုံးအလုံးရေ ရာနှင့်ချီ၍ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့ဖူးသည်။

လက်ရှိတွင် စစ်ကော်မရှင်သည် ရက္ခိုင်ပြည်အတွင်း လက်လွှတ်ဆုံးရှုံးထားရသည့် မြို့နယ်များကို ပြန်လည်ရရှိရန် စစ်တွေ၊ ကျောက်ဖြူ၊ ဧရာဝတီ၊ ပဲခူး၊ မကွေးနှင့် ချင်းပြည်နယ်တို့မှ စစ်ကြောင်း ၇ ခုဖြင့် ထိုးစစ်ဆင်လျက်ရှိသော်လည်း အာရက္ခတပ်တော် (AA) ၏ ခုခံစစ်ကြောင့် စစ်မြေပြင်တွင် အကျအဆုံးများစွာဖြင့် ဆုတ်ခွာနေရသည်။

ထိုသို့ စစ်ရေးအရ အရှုံးနှင့် ရင်ဆိုင်နေရသည့် စစ်ကော်မရှင်သည် စစ်ရေးနှင့်မသက်ဆိုင်သော အရပ်သားပြည်သူများ နေထိုင်ရာ နေရာများနှင့် ကျေးရွာအနီးဝန်းကျင်များကို နေ့စဉ်ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်နေသဖြင့် ရက္ခိုင်ပြည်အတွင်း အရပ်သား ထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ