
AB News – စက်တင်ဘာ ၁၅၊ ၂၀၂၆
ချင်းပြည် မြောက်ပိုင်း၊ တီးတိန်မြို့နယ်တွင် ယမန်နေ့ စက်တင်ဘာ ၁၄ ရက်နေ့က PDF Zoland မှ ထိန်းသိမ်း ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၈၀ ခန့်သည် တာဝန်ကျ တပ်ဖွဲ့ဝင်များထံမှ လက်နက်များ လုယူ၍ အချုပ်ခန်းအတွင်းမှ ထွက်ပြေး လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ယမန်နေ့ (စက်တင်ဘာ ၁၄ ရက်)၊ ညနေပိုင်းတွင် အချုပ်ကျ စစ်သုံ့ပန်း ၂ ဦးက ရေချိုးရန် တောင်းဆိုသဖြင့် တာဝန်ကျ တပ်ဖွဲ့ဝင် ၂ ဦးက လိုက်လံ ပို့ဆောင်စဉ် စစ်သုံ့ပန်းများက တပ်ဖွဲ့ဝင်များထံမှ သေနတ်ကို ရုတ်တရက် လုယူကာ တိုက်ခိုက်ခဲ့ကြသည်။ ထို့နောက် အချုပ်ခန်းအတွင်းရှိ စစ်သုံ့ပန်း ၈၀ ခန့်ကို လွှတ်ပေးကာ လက်နက်များနှင့်အတူ ထွက်ပြေး လွတ်မြောက်သွားခြင်းဖြစ်သည်။
ယင်းသို့ စစ်သုံ့ပန်းများ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် တာဝန်ကျ PDF Zoland တပ်ဖွဲ့ဝင်အချို့ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
ထွက်ပြေး လွတ်မြောက်သွားသည့် စစ်သုံ့ပန်းများသည် ကနေဒီတောင် စခန်းသိမ်း တိုက်ပွဲများနှင့် စစ်ကော်မရှင်၏ တစ်ကျော့ပြန် ထိုးစစ်များအတွင်း ဖမ်းဆီးရမိခဲ့သူများ ဖြစ်ပြီး ၎င်းတို့အနက် ဗိုလ်မှူး၊ ဗိုလ်ကြီး၊ တပ်ကြပ်ကြီး အဆင့် ရာထူးရှိသူများနှင့် ပြည်သူ့စစ်များ အများအပြား ပါဝင်ကြောင်း ဆိုသည်။
ယနေ့ နံနက်ပိုင်းအထိ အဆိုပါ ထွက်ပြေး လွတ်မြောက်နေသည့် စစ်သုံ့ပန်းများကို အရှိန်အဟုန်မြှင့် လိုက်လံ ရှာဖွေ ပိတ်ဆို့နေသော်လည်း လက်ရှိအချိန်အထိ ပြန်လည် ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း သိရသည်။
ချင်းပြည် မြောက်ပိုင်းတွင် တော်လှန်ရေး အင်အားစုများက ဖလမ်း၊ ဝေဘူလ၊ တွန်းဇံ၊ ကျီးခါး၊ ရိဒ်နှင့် ထန်တလန် စသည့် မြို့ ၆ မြို့ကို သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သော်လည်း လက်ရှိတွင် စစ်ကော်မရှင်တပ်၏ တစ်ကျော့ပြန် ထိုးစစ်များကြောင့် ဖလမ်း၊ ဝေဘူလ၊ တွန်းဇံ၊ ကျီးခါးနှင့် ထန်တလန် မြို့များကို ပြန်လည် လက်လွှတ်ခဲ့ရပြီး ရိဒ်ခေါ့ဒါရ် (ရိဒ်) မြို့ ၁ မြို့တည်းကိုသာ ဆက်လက် ထိန်းချုပ်ထားနိုင်သည်။
PDF Zoland တပ်ဖွဲ့သည် ချင်းပြည် မြောက်ပိုင်း၊ တီးတိန်နှင့် တွန်းဇံ မြို့နယ်များတွင် အဓိက အခြေစိုက် လှုပ်ရှားနေသည့် တပ်ဖွဲ့တစ်ခုဖြစ်ပြီး ချင်းညီနောင် (Chin Brotherhood – CB) ၏ အဖွဲ့ဝင် တပ်ဖွဲ့တစ်ခုလည်း ဖြစ်သည်။
ပုံစာ – ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့တွင် PDF Zoland က
ထွမ်းဗွမ် (ခ) ကနေဒီတပ်စခန်းကို သိမ်းပိုက်ယူပြီး ဗိုလ်မှူးအဆင့်အပါအဝင် တပ်သား ၁၂ ဦးနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့စဥ်