
AB News – စက်တင်ဘာ ၅၊ ၂၀၂၆
အိန္ဒိယ – ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် အိန္ဒိယ နယ်ခြားစောင့်တပ် (BSF) ၏ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား လယ်သမား (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် သတင်းဌာနများတွင် ဖော်ပြထားသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဖေနီခရိုင်၊ ဆာဂိုလ်နိုင်ယာ နယ်စပ်တွင် စိုက်ပျိုးရေးလုပ်ကိုင်နေစဥ် BSF ၏ ပစ်ခတ်မှုကြောင့် အသက် (၄၅) နှစ်အရွယ် မိုရှာရက်ဖ်၏ ကျောပြင် ဘယ်ဘက်ခြမ်းကို ကျည်ဆန် ထိမှန်ခဲ့ကြောင်း သိရသည်။
ဖြစ်စဥ်မှာ ယမန်နေ့ စက်တင်ဘာလ (၄) ရက်၊ ညနေ (၄) နာရီခန့်က စိုက်ပျိုးရေးလုပ်ကိုင်နေစဥ် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာ ဒဏ်ရာရရှိသူကို စစ်တကောင်း ဆေးကောလိပ် ဆေးရုံ ( Chittagong Medical College Hospital – CMCH) တွင် ဆေးကုသမှုပေးထားကြောင်း သိရသည်။
ဒဏ်ရာရရှိသူမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဖေနီခရိုင်၊ ဆာဂိုလ်နိုင်ယာမြို့နယ်၊ ဂျော့ယနဂေါ ဒေသတွင် နေထိုင်သူဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက အတည်ပြုပြောဆိုထားသည်။
CMCH ဆေးရုံ ရဲကင်းစခန်းတာဝန်ရှိသူ နူးရွတ် အာလမ် အာရှက်ခ် (Nurul Alam Ashek) က ဒဏ်ရာရရှိသူသည် လယ်ကွင်း၌အလုပ်လုပ်နေစဥ် BSF ပစ်ခတ်လိုက်သည့် ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်းနှင့် လက်ရှိတွင်လည်း ကျည်ဆန်အပိုင်းအစအချို့မှာ ၎င်း၏ ခန္ဓာကိုယ်အတွင်း ကျန်ရှိနေသေးကြောင်း ပြောကြားထားသည်။
Ref; Dhaka Tribune