AB News – သြဂုတ် ၂၂၊ ၂၀၂၆
ရက္ခိုင်ပြည်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ဆက်စပ်သည့် ခရိုင်ချင်းဆက် လမ်းမကြီးဘေးတစ်လျှောက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ဒေသစိမ်းလန်းစိုပြေရေးနှင့် အရိပ်အာဝါသ ရရှိရေးတို့အတွက် ULA/AA မှ ဦးဆောင်၍ အရိပ်ရသစ်ပင် ၈၀၀ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးခြင်းကို ယနေ့ (သြဂုတ်လ ၂၂ ရက်) တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ အာရက္ခတပ်တော် (ULA/AA)၊ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DLEPS၊ အခွန်ဌာန၊ လူသားချင်းစာနာထောက်ထားမှုနှင့်ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)နှင့် ဒေသခံပြည်သူများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်သည်။
ယခုကဲ့သို့ သစ်ပင်များစိုက်ပျိုးရခြင်းမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဒေသအလှမြှင့်တင်ရေးအတွက်ကြောင့် ခရိုင်ချင်းဆက်သွယ်သော လမ်းမကြီးတစ်လျှာက်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
သစ်ပင်စိုက်ပျိုးခြင်းအပြင် စိုက်ပျိုးထားသည့်အပင်များ ရေရှည်ရှင်သန်ကြီးထွားနိုင်ရေးအတွက် ရေလောင်းခြင်း၊ ပေါင်းမြက်ရှင်းလင်းခြင်းနှင့် လိုအပ်သည့် ပြုစုထိန်းသိမ်းမှုများကို ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်းလည်း သိရသည်။
ဒေသအတွင်း သစ်ပင်စိုက်ပျိုးမှုများ တိုးချဲ့ဆောင်ရွက်ခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပြင် အများပြည်သူများအတွက် အရိပ်အာဝါသရရှိရေးနှင့် စိမ်းလန်းစိုပြေသည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင်ရေးအတွက် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်သည်။
ဓာတ်ပုံ – ပေးပို့
