AB News – ဩဂုတ် ၂၀၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့နယ်၊ ပေါက်ပင်ကွင်းကျေးရွာတွင် ကိုယ်ဝန် (၉) လ လွယ်ထားရသည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး ပြီးခဲ့သည့် ဩဂုတ်လ (၁၇) ရက်နေ့က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဩဂုတ်လ (၁၇) ရက်နေ့၊ ည (၁၀) နာရီခန့်က အသက် (၂၆) နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး၏ ခင်ပွန်းဖြစ်သူသည် တရွာတည်းနေ အသက် (၃၆) နှစ်အရွယ် အမျိုးသားအား နေအိမ်သို့ အရက်သောက်ရန်ခေါ်ဆောင်လာခဲ့ရာမှ ခင်ပွန်းဖြစ်သူ အရက်မူးအိပ်ပျော်နေစဥ် အဆိုပါအမျိုးသားက ကိုယ်ဝန်ဆောင်အမျိုးသမီးအား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကျူးလွန်ခဲ့ခြင်းဖြစ်သည်။
” ကျနော်နဲ့ ရင်းနှီးလို့ အလုပ်ကိစ္စတစ်ခုပြောစရာရှိတာပြောရင်း ကျနော်အိမ်မှာ အရက်သောက်ကြမယ်ဆိုလို့ ကျနော်ကလက်ခံလိုက်တာပါ၊ ကျနော်မူးပြီး အိပ်ပျော်သွားတော့ ကျနော်မိန်းမကို မုဒိန်းကျင့်ဖို့ သူ ကြံစဥ်တာပါ။ ကျနော်မိန်းမက ငြင်းတော့ ပါးတွေနားတွေကိုရိုက်တယ်၊ လည်ပင်းတွေကိုလည်း ညှစ်တယ်လို့ မိန်းမကပြောပါတယ်။ နောက်ပြီး ဗိုက်ကိုလည်း တက်ဖိခဲ့လို့ မိန်းမကို ဆေးရုံတင်ထားရပါတယ်။ ” ဟု အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီး၏ ခင်ပွန်းဖြစ်သူမှ ပြောသည်။
အဆိုပါ ရုန်းရင်းဆန်ခတ်မှုနှင့် ပတ်သတ်၍ အိမ်နီးနားချင်းအမျိုးသမီးတစ်ဦးကလည်း ” အစက အော်သံကြားတော့ လင်မယားချင်းစကားများရန်ဖြစ်နေတာထင်ပြီး အဒေါ်တို့လည်းဆင်းမကြည့်ကြဘူး။ သူတို့က ဖြစ်နေကျဆိုတော့လေ။ နောက်တော့မှ အော်သံတွေ၊ ရုန်းရင်းဆန်ခတ်ဖြစ်သံတယ် ပိုပြီးကြားလာရတယ်။ ပြီးတော့ အိမ်နီးနားချင်း နောက်တစ်ယောက်ကို အဲ့ကလေးမက တောက်လျှောက် အော်ခေါ်နေလို့ သွားကြည့်မှ ကလေးမကို ဒဏ်ရာတွေနဲ့၊ နှုတ်ခမ်းတွေမှာ သွေးတွေထွက်လို့တွေ့တာ၊ လူတွေရောက်လာမှ ကျူးလွန်တဲ့သူက ထွက်ပြေးသွားတာ ” ဟု ပြောသည်။
လက်ရှိမှာ အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ ဆေးရုံ၌ ဆေးကုသမှုခံယူနေရဆဲဖြစ်ပြီး၊ ဗိုက်ထဲရှိ သန္ဓေသားမှာ ဆုံးရှုံးနိုင်သည့် အန္တရယ်နှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
ဖြစ်စဥ်နှင့်ပတ်သတ်ပြီး ဖြစ်ပွားသည့်ညမှာပင် ကျေးရွာအုပ်ချုပ်ရေးမှုထံ ကျူးလွန်ခံရသူနှင့် မိသားစုဝင်များက လာရောက်တိုင်ကြားခဲ့ကြပြီး လက်ရှိမှာ သံသယတရားခံကို တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလုံခြုံရေးဌာန (DLEPS) မှ ဖမ်းဆီးထိန်းသိမ်းထားကြောင်း ပေါက်ပင်ကွင်းကျေးရွာအုပ်ချုပ်ရေးမှုးက Arakan Bay News သို့ ယခုလို ပြောသည်။
” အဲ့ဒီနေ့က ဖြစ်ပြီးပြီးခြင်းလာရောက်တိုင်ကြားတာရှိပါတယ်၊ ကလေးမလေးက မျက်နှာတွေမှာ ဖူးရောင်လို့၊ နှုတ်ခမ်းမှာလည်းသွေးတွေနဲ့ပါ။ ဖြစ်စဥ်ကို ကျနော်ကိုပြောပြပါတယ်။ ကျနော်က ကျူးလွန်တာဘယ်သူတုန်း၊ ဘယ်ကတုန်း မေးတော့ သူက မျက်နှာမြင်ရင် မှတ်မိတယ်။ ဘယ်သူဘယ်ဝါရယ်လို့ သူမသိဘူးလို့ပြောပါတယ်။ ဒါ့ကြောင့် မနက်မိုးလင်းမှ ကြံစဥ်တဲ့သူနာမေကို သိရလို့ လုပ်စရာရှိတာတွေကို ဆက်လုပ်ရတာပါ။ ဒီကြားထဲ ကျနော်မသိဘဲ နှစ်ဘက်မိသားစုချင်းညှိနှိုင်းလိုက်ကြပြန်ပါတယ်။ ဒါကိုလည်း ကျူးလွန်တဲ့သူ ပြန်လွတ်လာမှကျနော် သိရတာပါ။ အခုတော့ ကျူးလွန်သူကိုလည်း မနေ့ညကတည်းက DLEPS က ပြန်ပြီး ဖမ်းသွားပါပြီ” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် အဆိုပါ သံသယတရားခံအား အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) မှ ဖမ်းဆီးထိန်းသိမ်းကာ လိုအပ်သည့်အရေးယူဆောင်ရွက်မှုများကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ပေါက်ပင်ကွင်းကျေးရွာတွင် အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိကြောင်း ဒေသခံများထံမှသိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း အဆိုပါရွာ၌ပင် အသက် (၄) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် (၆၀) နှစ်အရွယ် အမျိုးသားတစ်ဦက အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပြီး၊ ဇွန်လ (၆) ရက်နေ့တွင်လည်း အသက် (၄) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး လိင်ပိုင်းဆိုင်ရာစော်ကားရန် ကြံစဥ်ခံရမှုဖြစ်ပွားခဲ့သည်။
ယခုကဲ့သို့ အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများ ဆက်တိုက်ဖြစ်ပွားနေသဖြင့် ဒေသခံများအကြား လုံခြုံရေးဆိုင်ရာ စိုးရိမ်ထိတ်လန့်မှုများနှင့် ကျူးလွန်သူများကို ထိရောက်စွာ အရေးယူဆောင်ရွက်ပေးရန် ဒေသခံများ လိုလားနေကြသည်။
