သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တော နှင့် မောင်တော စိမ်းလန်းစိုပြည်ရေးအတွက် အရိပ်ရသစ်ပင် ၁သိန်းကျော် စိုက်ပျိုး

AB News – ဇူလိုင် ၈၊ ၂၀၂၆

ရက္ခိုင်ပြည် မြောက်ပိုင်းရှိ မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်တို့တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး (Environmental Conservation)၊ တောအုပ်ပြန်လည်ထူထောင်ရေး (Reforestation) နှင့် ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည် (Climate Resilience) မြှင့်တင်နိုင်ရန် ရည်ရွယ်၍ အရိပ်ရသစ်ပင် ၁သိန်း ကျော်ကို ယခုဇူလိုင်လ ပထမပတ်မှစတင်ကာ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အဆိုပါစိုက်ပျိုးရေးအစီအစဉ်အရ မောင်တော–ဘူးသီးတောင် အဝေးပြေးကားလမ်းမကြီးနှင့် ကညင်ချောင်းစီးပွားရေးဇုန် လမ်းတစ်လျှောက်တွင် အရိပ်ရပင် စုစုပေါင်း ၁ သိန်း ကျော်ကို စိုက်ပျိုးခဲ့ကြသည်။

ယင်းလုပ်ငန်းကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (ULA) က ဦးဆောင်ကာ စစ်ဘက်နှင့် အရပ်ဘက်ဌာနများ၊ လူငယ်အဖွဲ့အစည်းများ၊ လူမှုကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့သည်။

အဆိုပါ သစ်ပင်စိုက်ပျိုးရေးလုပ်ငန်းကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ (ULA) က ဦးဆောင်ခဲ့ပြီး စစ်ဘက်နှင့် အရပ်ဘက်ဌာနများ၊ ULA ပါတီဝင်များ၊ ပါတီလူငယ်အင်အားစုများ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO) မှ ဝန်ထမ်းများ၊ ပညာရေးဌာနမှ လူငယ်များ၊ DLEPS တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကရုဏာကွန်ရက် လူမှုကယ်ဆယ်ရေးအသင်းနှင့် ဒေသခံ မူဆလင်ပြည်သူများ အပါအဝင် လူမှုအသိုက်အဝန်းအသီးသီးမှ ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြကြောင်း AB News က ကွင်းဆင်းတွေ့ရှိရသည်။

တာဝန်ရှိသူများ၏ ပြောကြားချက်အရ အဆိုပါအစီအစဉ်သည် သဘာဝဂေဟစနစ် ပြန်လည်ထူထောင်ရေး (Ecosystem Restoration)၊ မြေဆီလွှာထိန်းသိမ်းရေး၊ မြေတိုက်စားမှု လျှော့ချရေးနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို လျှော့ချနိုင်ရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။

“အပင်စိုက်ရတဲ့ ရည်ရွယ်ချက်က သာယာလှပပြီး စိမ်းလန်းစိုပြည်တဲ့ ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးဖို့ဖြစ်ပါတယ်။ မိုးရာသီမှာ မြေတိုက်စားမှုကို ကာကွယ်နိုင်ဖို့နဲ့ ရာသီဥတုပြောင်းလဲမှုဒဏ်ကို လျှော့ချနိုင်ဖို့အတွက်လည်း အရိပ်ရအပင်တွေကို စိုက်ပျိုးရတာ ဖြစ်ပါတယ်” ဟု ဘူးသီးတောင်မြို့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေသခံများကလည်း သစ်ပင်စိုက်ပျိုးခြင်းသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးသာမက မြေဆီလွှာထိန်းသိမ်းရေး၊ မြေတိုက်စားမှုကာကွယ်ရေးနှင့် အနာဂတ်မျိုးဆက်များအတွက် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု (Sustainable Development) ကို အထောက်အကူပြုမည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်ကြောင်း ပြောဆိုကြသည်။

“ဒီလမ်းတစ်လျှောက်မှာ အရိပ်ရအပင် မရှိတော့ လမ်းသွားလမ်းလာတွေ နားခိုဖို့ ခက်ခဲပါတယ်။ အခုလို မိုးဦးကာလမှာ အရိပ်ရပင်တွေ စိုက်ပျိုးပေးတာဟာ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် အလွန်ကောင်းမွန်တဲ့ လုပ်ဆောင်ချက်ဖြစ်ပါတယ်” ဟု မောင်တော ဒေသခံတစ်ဦးက ပြောသည်။

ယခင်က ရက္ခိုင်ပြည်အတွင်း NGO များနှင့် လူမှုအဖွဲ့အစည်းများက သစ်ပင်စိုက်ပျိုးရေးအစီအစဉ်များ ဆောင်ရွက်ခဲ့သော်လည်း ရေရှည်ပြုစုထိန်းသိမ်းမှု အားနည်းခဲ့ခြင်းကြောင့် အပင်အများစု ရှင်သန်နိုင်ခြင်းမရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ယခုစိုက်ပျိုးထားသည့် အပင်များ ရေရှည်ရှင်သန်ကြီးထွားနိုင်စေရန်အတွက် စိုက်ပျိုးပြီးနောက်ပိုင်း ပြုစုထိန်းသိမ်းရေးလုပ်ငန်းများကို အထူးအလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါ သစ်ပင်စိုက်ပျိုးရေးအစီအစဉ်ကို မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များအပြင် မြောက်ဦး၊ ကျောက်တော်နှင့် ရက္ခိုင်ပြည်အတွင်းရှိ အခြားမြို့နယ်များတွင်လည်း မိုးရာသီကာလအတွင်း အဆင့်လိုက် ဆက်လက်အကောင်အထည်ဖော်လျက် ရှိကြောင်း သိရသည်။

တာဝန်ရှိသူများက မိုးရာသီအတွင်း သစ်ပင်စိုက်ပျိုးရေးအစီအစဉ်များကို ဆက်လက်တိုးချဲ့ဆောင်ရွက်ကာ စိမ်းလန်းစိုပြည်သော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးရေး၊ သဘာဝသယံဇာတများ ရေရှည်တည်တံ့ရေးနှင့် ဒေသ၏ ရာသီဥတုဒဏ်ခံနိုင်ရည် မြှင့်တင်ရေးတို့ကို အထောက်အကူပြုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ