
AB News – ဇူလိုင် ၃၊ ၂၀၂၆
ရက္ခိုင်တွင် အာရက္ခပြည်သူကျန်းမာရေးဌာနမှ ဦးဆောင်၍ ၅ နှစ်အောက် ကလေးငယ် ၈ သောင်းခန့်ကို ဝက်သက်ရောဂါကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ရက္ခိုင်နှင့် နယ်နိမိတ်ချင်းထိစပ်နေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝက်သက်ရောဂါ ဖြစ်ပွားနှုန်း၊ သေဆုံးနှုန်းများ မြင့်တက်လျက်ရှိနေသောကြောင့် ယခုလို ကြိုတာကာကွယ်ရေး လုပ်ငန်းများကို အရှိန်မြင့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ဆိုသည်။
လက်ရှိမှာ မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့နယ်နှင့် ပေါက်တောမြို့နယ်များမှ ၅ နှစ်အောက် ကလေးငယ် ၈ သောင်းခန့်ကို ဝက်သက်ရောဂါကာကွယ်ဆေး(Measle Rubella Vaccine)များကို ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ထို့ပြင် အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ အာရက္ခတပ်တော် ထိန်းချုပ်ထားသော မြို့နယ်များအားလုံးတွင် ပြင်းထန် အဆုတ်ရောင် ရောဂါကာကွယ်ဆေး(PCV)၊ ပိုလီယိုရောဂါကာကွယ်ဆေး(OPV)၊ ပိုလီယိုရောဂါ ကာကွယ်ဆေး ထိုးဆေး(IPV)၊ ဆုံဆို့- ကြက်ညှာ- မေးခိုင်- အသည်းရောင် အသားဝါး(ဘီ)- ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး၊ Penta)၊ တီဘီရောဂါ ကာကွယ်ဆေး(BCG)နှင့် ကိုယ်ဝန်ဆောင် မိခင်များအတွက် မေးခိုင်- ဆုံဆို့ ရောဂါကာကွယ်ဆေး(Td) များကို အချိန်မှီ ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မတ်လ အလယ်ပိုင်းမှ စ၍ ဇွန်လ (၂၅) ရက်နေ့အထိ ဝက်သက်ရောဂါ ကူးစက်ခံထားရသူပေါင်း ၁၁၄၄၂ ဦးအထိ ရှိခဲ့ပြီး သေဆုံးသူ ၆၉၈ ဦး အထိရှိခဲ့ကြောင်း သိရသည်။
ဝက်သက်ရောဂါသည် လေထဲမှတစ်ဆင့် (ချောင်းဆိုး၊ နှာချီခြင်းမှ တစ်ဆင့်) ကူးစက်တတ်သော ကူးစက်မြန်ရောဂါ တစ်မျိုးဖြစ်ပြီး အသက်အရွယ်မရွေးကူးစက်ခံရနိုင်သည်။
အထူးသဖြင့် ကာကွယ်ဆေးမထိုးနှံရသေးသော ကလေးသူငယ်များမှာ ရောဂါကူးစက်ခံရပါက အသက် ဆုံးရှုံးနိုင်သည့်အထိ ပြင်းထန်သော ရောဂါဖြစ်သည်။
ထို့ကြောင့် အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ကာကွယ်ဆေးထိုးနှံပေးခြင်းများအပြင် ရောဂါဖြစ်ပွားမှု ရှိ/မရှိ စောင့်ကြပ်ကြည့်ရှုခြင်း၊ နယ်စပ်များတွင် ဝက်သက်ရောဂါ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် ဆိုင်းဘုတ်များ စိုက်ထူခြင်းများကိုပါ အရှိန်အဟုန်မြှင့် လုပ်ဆောင်လျှက်ရှိသည်။