သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
အာရက္ခလောင်ပေါ် ကျပ်သိန်း ၅၀၀ ဆုကြီးကို ကျောက်တော်မြို့မှ ဒေါ်မသန်းရီ ကံထူးသွား



AB News – ဇူလိုင် ၂၊ ၂၀၂၆

ရက္ခိုင်ပြည်တွင် ယခုနှစ် ဇွန်လ ပထမအပတ်မှ စတင်ရောင်းချခဲ့သည့် ပထမအကြိမ် အာရက္ခလောင်ပေါ်  (ရက္ခိုင်ထီ) ကျပ်သိန်း ၅၀၀ ဆု​ကြီးကို ကျောက်တော်မြို့မှ အမျိုးသမီးတစ်ဦးမှ ကံထူးသွားခဲ့ကြောင်း သိရသည်။

ကျပ်သိန်း ၅၀၀ ဆု ကံထူးရှင်အမျိုးသမီးမှာ ကျောက်တော်မြို့၊ မြို့သစ်ရပ်ကွက်မှ အသက် ၃၉ နှစ်အရွယ် ကိုအေးလွင်၏ဇနီး၊ အသက် ၄ နှစ်အရွယ် လင်းထင်ရှား၏မိခင် အသက် ၃၉ နှစ်အရွယ် ဒေါ်မသန်းရီ (ခေါ်) မချေဖြစ်ကြောင်း သိရသည်။

ကံထူးရှင် မသန်းရီက “ခုလိုမျိုး အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက ပထမဆုံးအကြိမ်ဖွင့်တဲ့ အာရက္ခလောင်ပေါ် ပေါက်လို့ အရမ်းပျော်ပါတယ်။ တစ်ခါမှလည်း အခုလို မပေါက်ဖူးဘူး။ အာရက္ခထီပေါက်တာကို အစက မသိဘူး။ ကျမတို့ရပ်ကွက်ထဲက အမျိုးသမီးတစ်ဦးက သိန်း ၅၀၀ ပေါက်ဂဏန်းကို လက်ဖဝါးမှာ ရေးပြီး လာပြတယ်။ အဲဒါနဲ့ တိုက်ကြည့်မှ ပေါက်မှန်းသိတာပါ။ အဲဒီဆုငွေနဲ့ အလှူလုပ်ပြီး ကျမတို့လည်း လုပ်ကိုင်စားသောက်ကြမယ်လို့ တွေးထားတယ်” ဟု AB News သို့ ပြောသည်။

၎င်းသည် လောင်ပေါ် ပေါက်မဲနံပါတ် 323692 ဖြင့် ကျပ်သိန်း ၅၀၀ ဆုကို ကံထူးသွားခဲ့ခြင်းဖြစ်သည်။

အာရက္ခလောင်ပေါ် ပထမဆု ကံထူးခဲ့ကြောင်းကို အခွန်ဌာနသို့ သွားရောက်တိုင်ကြားထားပြီး အခွန်ဌာနမှ အာရက္ခလောင်ပေါ် ပထမဆု လာရောက်ချီမြင့်ပေးသွားမည်ဟု သိရကြောင်း ၎င်းက ပြောဆိုသည်။

ထို့အပြင် နောက်ထပ် လောင်ပေါ် (ရက္ခိုင်ထီ) ဆုကြီးဖြစ်သည့် ကျပ်သိန်း ၃၀၀ ဆု ကံထူးရှင်ကိုလည်း သိရှိရပြီဖြစ်သည်။

ကျပ်သိန်း ၃၀၀ ကံထူးရှင်မှာ မြေပုံမြို့နယ် ကမ်းထောင့်ကြီးမြို့မှ ဦးနေဝင်းထွေးဖြစ်ပြီး လောင်ပေါ် ပေါက်မဲနံပါတ် 116482 ဖြင့် ကံထူးသွားခဲ့ခြင်းဖြစ်သည်။

တတိယဆုကြီး ကျပ်သိန်း ၂၀၀ ဆု၏ ကံထူးရှင်၊ စတုတ္ထဆုကြီး ကျပ်သိန်း ၅၀ ဆု ၆ ဆု၏ ကံထူးရှင်များ၊ ကျပ်သိန်း ၁၀ ဆု ၁၀ ၏ ကံထူးရှင်များနှင့် ကျပ် ၅ သိန်းဆု ၂၀ ဆု၏ ကံထူးရှင်များကို AB News မှ စုံစမ်းနေဆဲဖြစ်သည်။

လောင်ပေါ်ကံထူးရှင်များအနေဖြင့် သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆုငွေများကို ထုတ်ယူနိုင်မည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများက အသိပေးထားသည်။

အာရက္ခလောင်ပေါ်ကို အာရက္ခပြည့်သူ့တော်လှန်ရေးအစိုးရ၏ ဗဟိုအကောက်ခွန်နှင့် အခွန်ဌာန၊ လောင်ပေါ်ဌာနခွဲတို့မှ ပထမဆုံးအကြိမ်ဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။


ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ