
AB News – ဇွန် ၂၆၊ ၂၀၂၆
ဗင်နီဇွဲလားနိုင်ငံတွင် ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့ ညနေပိုင်းအချိန်က အင်အားပြင်း ငလျင်လှုတ်ခတ်ခဲ့မှုကြောင့် သေဆုံးသူ ၂၃၅ ဦးနှင့် ဒဏ်ရာရရှိသူ ၄၅၀၀ ကျော်အထိ ရှိကြောင်း ဗင်နီဇွဲလားနိုင်ငံပိုင်ရုပ်သံက ဇွန်လ ၂၅ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ခဲ့သည်ကို တွေ့ရှိရသည်။
ပျောက်ဆုံးနေသူများ စာရင်းကို ဗင်နီဇွဲလား အာဏာပိုင်များက မထုတ်ပြန်သေးသော်လည်း ပျောက်ဆုံးနေသူများအား ရှာဖွေရန် လွှင့်တင်ထားသော ဝက်ဘ်ဆိုက်သို့ အကြောင်းကြားထားသူ ၁၀,၀၀၀ ခန့်ရှိကြောင်း သိရသည်။
လက်ရှိအချိန်ထိ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်နေဆဲဖြစ်ပြီး အပျက်အစီးများအောက်တွင် လူအများအပြား ပိတ်မိနေဆဲဖြစ်ကြောင်း သိရသည်။
ဗင်နီဇွဲလား တနိုင်ငံလုံးတွင် ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပြီး မြောက်ဘက်ကမ်းရိုးတန်းရှိ လာဂွါအီရာပြည်နယ်တွင် အဆိုးဝါးဆုံး ထိခိုက်ခဲ့ကာ ဘေးအန္တရာယ်ကြုံတွေ့ရာဇုန်ဖြစ်လာခဲ့ကြောင်း ယာယီသမ္မတ ဒဲလ်စီ ရိုဒရီဂွတ်ဇ် က ဆိုသည်။
ဗင်နီဇွဲလားနိုင်ငံရှိ ဒေသများတွင် လျှပ်စစ်မီးနှင့် ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ရ၍ နိုင်ငံတွင်းနှင့် ပြည်ပရှိ လူပေါင်းများစွာမှာ မိသားစုဝင်များနှင့် ဆက်သွယ်ရန် ခက်ခဲနေကြသည်။
ဗင်နီဇွဲလားနိုင်ငံအား ကူညီရန် စစ်သင်္ဘော ၂ စီးအပါအဝင် သယ်ယူပို့ဆောင်ရေး လေယာဉ်များနှင့် ရဟတ်ယာဉ်များကို စေလွှတ်နေပြီး အမေရိကန်ဒေါ်လာ ၁၅၀ သန်း တန်းဖို့ရှိသည့် အကူအညီများကို ထောက်ပံ့ပေးသွားရန် ပြင်ဆင်နေကြောင်း ဇွန်လ ၂၅ ရက်နေ့တွင် အမေရိကန်က ထုတ်ပြန်ခဲ့သည်။