
AB News – ဇွန် ၂၂၊ ၂၀၂၆
ပုဏ္ဏားကျွန်းမြို့နယ်က သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ဦးမှာ ဟင်းရှာသွားရှာချိန်တွင် ရေနစ်သေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။
ယမန်နေ့ ဇွန်လ ၂၁ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုကျေးရွာမှ အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးမှာ မြစ်တစ်ဖက်ကမ်း၌ ဟင်းရှာသွားရှာချိန်တွင် ရေနစ်ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။
“ရေနစ်သေဆုံးသူဟာ မနေ့က မနက် ၆ နာရီ ခွဲလောက်မှာ ဟင်းရှာ ထွက်သွားတာပါ။ နေလယ် ၁ နာရီလောက်က ရေနစ်တာလို့ ရွာသားတွေဆီက ကြားရပါတယ်။ ကျနော်တို့က ဖြစ်စဥ်ကို ညနေ ၈ နာရီကျော်လောက်မှ သိရတဲ့အတွက် ၉ နာရီလောက်မှာ ကူညီဆောင်ရွက်မှုတွေကို လုပ်ဆောင်ပေးခဲ့ရပါတယ်” ဟု မျိုးချစ်လူငယ်ဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ကိုမျိုးချစ် က AB News သို့ ပြောသည်။
သေဆုံးခဲ့သူမှာ အသက် ၄၀ ကျော်အရွယ် သန်းယဥ်ဖြစ်ပြီး ၎င်းတွင် အသက် ၁၇ အရွယ် သမီးငယ်တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ နေ့က ပုဏ္ဏားကျွန်းမြို့နယ်၊ ဦးရာဇ်မင်္ဂလာ တံတားအနီးတွင် ခရီးသည်တင် စစ်လှေတစ်စီး တိမ်းမှောက်မှုအတွင်း ခရီးသည် ၁၁ ဦးအထိ သေဆုံးခဲ့ရသည်။
အလားတူ ပြီးခဲ့သည် ဇွန်လ ၁၅ နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာတွင် မိန်းကလေးငယ် ၂ ဦး မြစ်ထဲသို့ ရေဆင်းကူးချိန်တွင် ရေနစ်သေဆုံးခဲ့ရသည်။