AB News – ဇွန် ၁၀၊ ၂၀၂၆
မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြစ်ခြေမြို့ရှိ ပြည်သူလူထုပိုင် နေအိမ်အဆောက်အဦးပေါင်း ၁,၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးကာ အတည်ပြုနိုင်သည့် ပြည်သူ ၂၄ ဦးကို ရက်ရက်စက်စက် မီးရှို့သတ်ဖြတ်ပြီး စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်ကော်မရှင်ကို လက်တုံ့ပြန်သည့်အနေဖြင့် မြစ်ခြေရဲစခန်းအား အပြီးတိုင် ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်က ယနေ့ ဇွန်လ ၁၀ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယနေ့ ဇွန်လ ၁၀ ရက်နေ့၊ နံနက် ၄ နာရီခန့်တွင် အဆိုပါ မြစ်ခြေရဲစခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်းစစ်ဌာနကွပ်ကဲမှုအောက်ရှိ ပခုက္ကူခရိုင်စစ်ဌာန၏ ဦးဆောင်ကွပ်ကဲမှုဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၅ နာရီ(တစ်နာရီအကြာ)တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကော်မရှင်ဘက်မှ တပ်သား ၂ ဦး သေဆုံးခဲ့ပြီး ၁၄ ဦးမှာ စစ်သုံ့ပန်းအဖြစ် လက်နက်ချအညံ့ခံခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်သုံ့ပန်းများကို နိုင်ငံတကာစစ်ဥပဒေများနှင့်အညီ ထိန်းသိမ်းထားရှိပြီး ၎င်းတို့အနက် စစ်ရာဇဝတ်မှု ကျူးလွန်သူများအား စစ်ဘက်ဆိုင်ရာ ဥပဒေများနှင့်အညီ စိစစ်ဖော်ထုတ်၍ စစ်တရားရုံးတင်ကာ စစ်ဆေးအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ထံမှ G-3 သေနတ် ၁၈ လက်၊ 79 သေနတ် ၁ လက်၊ ခြောက်လုံးပြူး ၂ လက်၊ ၆၀ မမ ကွန်မန်ဒိုစိန်ပြောင်း ၁ လက်၊ လက်လုပ်လေသေနတ် ၁ လက်၊ G-3 ကျည်ဘောက် ၂၇ ဘောက်၊ ကျည်ကာဦးထုပ် ၇ လုံးနှင့် G-3 ကျည် ၁,၉၀၈ တောင့်တို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း PDF စစ်ရုံးချုပ်က ဆိုသည်။
စစ်ရုံးချုပ်၏ ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် မေလ ၁၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ မြစ်ခြေမြို့အတွင်း ပြည်သူလူထုပိုင် ပစ္စည်းဥစ္စာများကို မီးရှို့ဖျက်ဆီးခြင်းနှင့် ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်ခြင်း စသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အကြမ်းဖက်နှိပ်စက် သတ်ဖြတ်မှုများကြောင့် ကျဆုံးသွားခဲ့ရသော မြစ်ခြေဒေသခံ မိဘပြည်သူများ ကောင်းမြတ်ရာဘုံဘဝသို့ ရောက်ရှိပါစေကြောင်း PDF စစ်ရုံးချုပ်မှ ဆုတောင်းမေတ္တာပို့သထားပြီး ပြည်သူလူထုအား ကာကွယ်စောင့်ရှောက်ရမည့် သမိုင်းပေးတာဝန်ရှိသည်နှင့်အညီ အကြမ်းဖက်စစ်ကော်မရှင်တပ်ကို အပြီးတိုင်ချေမှုန်းနိုင်ရေးအတွက် စစ်မျက်နှာအသီးသီးတွင် ရဲရဲဝံ့ဝံ့ ဆက်လက်တိုက်ပွဲဝင်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF






