
AB News – ဇွန် ၄၊ ၂၀၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မွန်ရှီဂန်ဂျ်ခရိုင်တွင် မြေယာအငြင်းပွားမှုကြောင့် အုပ်စုဖွဲ့ အနိုင်ကျင့်မှုဖြစ်စဥ်အတွင်း ဓာတ်ပုံသတင်းထောက်တစ်ဦး ဓားဖြင့်အခုတ်ခံရပြီး ၎င်း၏ညီဖြစ်သူမှာလည်း ရိုက်နှက်ခံခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ဖော်ပြသည်ကို တွေ့ရှိရသည်။
ဓားဖြင့်အခုတ်ခံရသူမှာ Prothom Alo သတင်းဌာနမှ အကြီးတန်းဓာတ်ပုံသတင်းထောက် Kabir Hossain ဖြစ်ပြီး အဆိုပါတိုက်ခိုက်မှုအတွင်း ၎င်း၏ ညီဖြစ်သူ Takbir Hossain မှာလည်း အုပ်စုဖွဲရိုက်နှက်ခြင်းကို ခံခဲ့ရသည်။
ဖြစ်စဥ်မှာ ပြီးခဲ့သည့် ဇွန်လ ၂ ရက်နေ့တွင် မွန်ရှီဂန်ဂျ်ပြည်နယ်၊ ဆီရာ့ဂျ်ဒီခန် (Sirajdikhan) ရှိ ဒိုဆော်ရ်ပါရာ(Dosorpara) ရွာတွင် Kabir Hossain တည်ထောင်ထားသည့် လာလွန် (Lalon) ဘုရားကျောင်းဝင်းအတွင်း ခြံစဥ်းရိုးခတ်နေစဉ် BNP ပါတီမှ ဒေသခံခေါင်းဆောင်တစ်ဦးဖြစ်သူ ဂျာဟန်ဂါ မက်ဘာ ( Jahangir Madbor) ဦးဆောင်ပြီး ၎င်း၏ သားများပါဝင်သော လူအုပ်ကြီးမှ ဓားဖြင့် ဝင်ခုတ်ခဲ့ရာ ကူညီရန်ရောက်လာသော ညီဖြစ်သူမှာလည်း ဝိုင်းဝန်းရိုက်နှက်ခြင်းကို ခံခဲ့ရကြောင်း ဆိုသည်။
အဆိုပါဖြစ်စဥ်ကြောင့် Kabir Hossain ၏ ဦးခေါင်း၌ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ညီဖြစ်သူမှာလည်း ဒဏ်ရာရရှိခဲ့သောကြောင့် နှစ်ယောက်လုံးမှာ ဒါကာဆေးကောလိပ်ဆေးရုံးတွင် အရေးပေါ်ကုသမှုခဲ့ယူနေရကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုမှာ ဘုရားကျောင်းမြေနေရာအား အုတ်ဖုတ်စက်ရုံတည်ဆောက်ရန် သိမ်းပိုက်လိုမှုကြောင့် ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း တိုက်ခိုက်ခံရသူ မိသားစုဝင်များက ဆိုကြသည်။
ပါတီ၏ အမည်အား အလွှဲသုံးစားပြုလုပ်သော မည်သည့်ရာဇဝတ်ကောင်ကိုမဆို အကာအကွယ်ပေးမည်မဟုတ်ကြောင်းနှင့် ဖြစ်စဥ်ကို သိပြီးချက်ချင်း ဂျာဟန်ဂါနှင့် ကျူးလွန်သူများကို အရေးယူပေးဖို့ ရဲတပ်ဖွဲ့ကို တောင်းဆိုထားကြောင်း ဆီရာ့ဂျ်ဒီခန်ဒေသရှိ BNP ပါတီခေါင်းဆောင်ချုပ် အမ် ဟိုက်ဒါ အလီ ( M Haider Ali) က ပြောဆိုထားသည်။
လက်ရှိမှာ ဂျာဟန်ဂါ ကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဆက်လက်၍ အဆိုပါအမှုနှင့် ပတ်သတ်ဆက်နွယ်သူများကို ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်နေကြောင်း ဆီရာ့ဂျ်ဒီခန် ရဲစခန်းမှ ရဲအရာရှိချုပ် (OC) အဗ္ဗဒူဟာနန် ( Abdul Hannan) မှ ပြောကြားထားသည်။
ဓာတ်ပုံ – Prothom Alo