
AB News – ဇွန် ၁၊ ၂၀၂၆
ရက္ခိုင်ပြည်၊ မြေပုံမြို့တွင် ငါးရှာထွက်သွားသည့် အမျိုးသားတစ်ဦး ရေနစ်မြှုပ်၍ သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးခဲ့သူမှာ မြေပုံမြို့၊ ကံသာထွက်ဝရပ်ကွက် (ချင်းကြွက်သစ်) မှ အသက် ၄၀ အရွယ် ဦးအောင်စိုး ဖြစ်ကြောင်း သိရသည်။
၎င်းသည် ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က ငုံ့ပင်လယ်ဆိပ်တွင် ညီဖြစ်သူနှင့်အတူ စက်လှေတစ်ယောက် တစ်စီးစီဖြင့် ငါးဖမ်းထွက်စဉ် ယခုကဲ့သို့ ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မြေပုံမြို့မှ ဒေသခံတစ်ဦးက AB News သို့ ပြောကြားသည်။
“ဒီနေ့ မနက်စောစောက ညီအစ်ကို ၂ ဦး စက်လှေတစ်ယောက် တစ်စီးစီနဲ့ ငါးရှာဖို့ ထွက်သွားကြတာ။ အစ်ကိုဖြစ်သူ ငါးဖမ်းပိုက်တန်းဆင်နေတဲ့အချိန်မှာ ညီဖြစ်သူက ရေထဲကျသွားတာပါ။ အစ်ကိုဖြစ်သူက ချက်ချင်းမသိလိုက်ဘဲ နောက်မှသိလို့ လိုက်ရှာတဲ့အခါ ရှာမတွေ့တော့ပါဘူး။ သေဆုံးသွားတဲ့ ညီဖြစ်သူမှာ သွေးတိုးရောဂါအခံ ရှိတယ်လို့လည်း သိရပါတယ်” ဟု ၎င်းဒေသခံက ဆိုသည်။
ရေနစ်သေဆုံးခဲ့သူ ဦးအောင်စိုး၏ ရုပ်အလောင်းကို ယနေ့ မွန်းတည့်အချိန်တွင် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရှိရသည်။