သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တွင် သက်ငယ်မုဒိမ်းမှု တားဆီးကာကွယ်ရေးအသိပညာပေးမှု အပါအဝင် ဒေသန္တရကိစ္စရပ်များကို ပြည်သူလူထုနှင့် ULA တွေ့ဆုံဆွေးနွေး

​AB News- မေ ၂၂၊ ၂၀၂၆

​မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်အတွင်း ဒေသခံပြည်သူများနှင့် ULA ပါတီဝင်များ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို မေလ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုတွေ့ဆုံပွဲအတွင်း ​လူငယ်နှင့် အမျိုးသမီးကဏ္ဍ မြှင့်တင်ရေး၊ သက်ငယ်မုဒိမ်းမှု ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများကို လုပ်ဆောင်ခဲ့ကြသည်။

​​ယင်းအပြင် ULA က တာဝန်ရှိသူများက HDCO ၏ လက်ရှိလုပ်ဆောင်နေမှုများတွင် ပြည်သူလူထုအနေဖြင့် ဝိုင်းဝန်းပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ပြီး ပါတီတိုက်နယ်နှင့် ရပ်ရွာပါတီကော်မတီဝင်များ၊ တိုက်နယ်နှင့် ရပ်ရွာအုပ်ချုပ်ရေးမှူးများ၏ လုပ်ငန်းတာဝန်များကို ပြန်လည်ရှင်းလင်းခဲ့ကြသည်။

ယင်းအပြင် ရာသီအလိုက် ဖြစ်ပွားလေ့ရှိသည့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေး၊ ဖျားနာမှုများဖြစ်ပွားပါက ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီသွားရောက် ကုသမှုခံယူရေး လမ်းညွှန်ချက်များနှင့် အာရက္ခထီ ရောင်းချသွားမည့် အစီအစဉ်များကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပြည်သူလူထုနှင့် တွေ့ဆုံပွဲကို မြောက်ဦးခရိုင် ပါတီခရိုင်ရုံးက ဦးဆောင်ခဲ့ခြင်းဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးဌာန၊ ကျောက်တော်ပါတီမြို့နယ်ရုံး၊ တိုက်နယ်ပါတီရုံး၊ တိုက်နယ်အုပ်ချုပ်ရေးရုံးနှင့် တိုက်နယ် DELPS ဌာနတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ထို့ပြင် အဆိုပါဆွေးနွေးပွဲကို ရပ်ရွာပါတီကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဒေသခံလူငယ်၊ အမျိုးသမီးများ အပါအဝင် စုစုပေါင်း ၁၅၀ ခန့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ