AB News – မေ ၈၊ ၂၀၂၆
ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်တပ်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ (၁၆) အနီးမှ ဗျူဟာကုန်း ခံစစ်စခန်းများနှင့် ကာကင်းစခန်းများကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ကာကင်းစခန်း ၄ ခုကို သိမ်းပိုက်ရရှိပြီး စစ်ကော်မရှင် တပ်သားရုပ်အလောင်း ၂၀ ကျော်နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ပန်းတောင်းမြို့နယ်၊ မသုန်ရွာအနီးရှိ ပွိုင့် (၅၀၀) ဗျူဟာကုန်း ကာကင်းစခန်းများကို အာရက္ခတပ်တော်က ပြီးခဲ့သည့် မေလ ၄ ရက်နေ့၊ ညနေ ၅ နာရီ၊ ၄၅ မိနစ်မှ စတင်ကာ မေလ ၇ ရက်နေ့အထိ လေးရက်တိုင်တိုင် အရှိန်အဟုန်မြှင့် ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ အထိနာကာ အလောင်း ၂၀ ကျော်နှင့် လက်နက်ခဲယမ်း အမြောက်အမြားကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့သည်။
တိုက်ပွဲဖြစ်ပွားရာ ကာကင်းစခန်းများ၌ စစ်ကော်မရှင်၏ လက်အောက်ခံ ခမရ (၃၆၃၊ ၃၆၄၊ ၃၆၆၊ ၃၆၉) တပ်ရင်းများက ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိမ်းဆည်းရမိသည့် ရန်သူ့အလောင်းများရှိ အထောက်အထားများအရ အတည်ပြုနိုင်ခဲ့သည်။
ယနေ့ မေလ ၈ ရက်နေ့တွင်လည်း အာရက္ခတပ်တော်သည် ကစဉ့်ကလျား ထွက်ပြေးတိမ်းရှောင်နေသည့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းလျက်ရှိသည့်အပြင် ကျန်ရှိနေသေးသည့် လက်ကျန် ခံစစ်စခန်းများနှင့် ကာကင်းစခန်းများကိုလည်း အပြတ်အသတ် ချေမှုန်းနိုင်ရေးအတွက် ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရပါသည်။
ဓာတ်ပုံ – APM











