AB News – မတ် ၃၁၊ ၂၀၂၆
တောင်ကုတ်မြို့နယ်၊ ရွှေတောင်သာရွာ၌ အရက်သောက်နေစဉ် စကားများရန်ဖြစ်ကာ လူသတ်မှုတစ်ခုဖြစ်ပွားခဲ့ပြီး တရားခံ ၂ ဦးကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ DLEPS ဌာနက ဖမ်းဆီးထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သည့် မတ်လ ၂၅ ရက်၊ ည ၉ နာရီခွဲခန့်တွင် နတ်မော်အုပ်စု၊ ရွှေတောင်သာရွာရှိ သျှမ်းတဂူကျွန်းတွင် အမျိုးသား ၃ ဦး အရက်သောက်နေစဉ် စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါရန်ဖြစ်မှုအတွင်း မောင်ပုချေ (ခ) မောင်ပု ၃၂ နှစ် နှင့် ကျော်ဌေး ၃၂ နှစ် တို့မှ မောင်မောင်ဆန်း ၄၂ နှစ် ကို ဓားဖြင့် ဝိုင်းထိုးရာ မောင်မောင်ဆန်း ၏ လည်ပင်း၊ ဘယ်ဖက်ပါး၊ လည်ပင်းဘယ်ခြမ်း၊ ဘယ်ဖက်လက်မောင်း တို့တွင် ပြတ်ရှ၊ ထိုးသွင်းဒဏ်ရာများရရှိကာ ဖြစ်စဉ်နေရာ၌ပင် သေဆုံးခဲ့သည်။
“သူတို့ အရက်သောက်နေတုန်း စကားများသံကြားတယ်။ နောက်တော့ ရန်ဖြစ်သံတွေ ကြားလာပြီး ခဏအကြာမှာတော့ အဲ့လို ဖြစ်သွားတာပါ။ အရက်ကြောင့်ပဲ ဖြစ်တာလို့ မြင်ပါတယ်” ဟု ဖြစ်စဥ်သိရှိသူ ၁ ဦးက ပြောကြားသည်။
ထိုအမှုနှင့် ပတ်သက်၍ တိုင်ကြားချက်အရ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန(DLEPS)က စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး မတ်လ ၂၉ ရက် ည ၇ နာရီ ၁၅ မိနစ်တွင် တရားခံ ၂ ဦးကို ဖမ်းဆီးခဲ့သည်။
လက်ရှိတွင် တရားခံများအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်အရေးယူထားပြီး ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လူသတ်မှုများမှာ အများအားဖြင့် အရက်မူးယစ်မှုကြောင့် စိတ်မထိန်းနိုင်ခြင်းမှ ဖြစ်ပွားလေ့ရှိကြောင်းနှင့် ပြည်သူများအနေဖြင့် ဥပဒေကို လေးစားလိုက်နာရန် DLEPS ဌာနက တိုက်တွန်းထားသည်။
အာရက္ခပြည်သူများသည် DLEPS ဌာနနှင့် ပူးပေါင်းလျှင် ရပ်ရွာအေးချမ်းမှု ပိုမိုရှိလာနိုင်မည်ဟုလည်း အာဏာပိုင်များက ပြောကြားထားသည်ကို တွေ့ရှိရသည်။





