သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ပြည်သူ့လွှတ်တော်တွင် မင်းအောင်လှိုင် ဒုသမ္မတအဖြစ် မဲခွဲအနိုင်ရ

AB News – မတ် ၃၁၊ ၂၀၂၆

ပြည်သူ့လွှတ်တော်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ဒုသမ္မတအဖြစ် မဲခွဲအနိုင်ရကြောင်း သိရသည်။

ယနေ့ မတ်လ ၃၁ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစုအဖွဲ့အစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အာဏာသိမ်းစစ်တပ်မှ ဖွဲ့စည်းမည့် အမည်ခံအစိုးရအတွက် ဒုသမ္မတ တစ်ဦးအဖြစ် မဲခွဲပြီး အတည်ပြုတင်မြှောက်လိုက်သည်။

အဆိုပါအစည်းအဝေးသို့ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ၂၆၃ ဦး တက်ရောက်ခွင့်ရှိပြီး ယနေ့အစည်းအဝေးသို့ ၂၆၀ ဦးတက်ရောက်ခဲ့ကြရာ မဲခွဲမှုရလဒ်အနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၄၇ မဲနှင့် ဒေါက်တာကျော်ဆွေက ၁၀ မဲရရှိခဲ့ကာ ပယ်မဲ ၃ မဲ ရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ခေါင်းဆောင်ကို ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ အမည်တင်သွင်းခဲ့ခြင်းဖြစ်ပြီး ဒေါက်တာကျော်ဆွေကိုလည်း တိုင်းရင်းသားစည်းရုံးညီညွတ်ရေးပါတီက အမည်တင်သွင်းခဲ့၍ မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အလားတူ အစိုးရအသစ်ဖွဲစည်းရန်အတွက် သမ္မတနှင့် ဒုသမ္မတများ ရွေးချယ်တင်မြှောက်ရန် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့တစ်ခုစီက ဒုသမ္မတ တစ်ဦးစီ တင်မြှောက်ရမည်ဖြစ်သည်။

အဆိုပါ ဒုသမ္မတ (၃) ဦးထဲမှ ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ကာ မဲအများဆုံးရသူအား သမ္မတအဖြစ်ရွေးချယ်တင်မြှောက်ကာ ကျန်နှစ်ဦးမှာ ဒုသမ္မတများ ဖြစ်လာမည်ဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ