သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကော်မရှင်၏ ၈၁ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စစ်တွေမြို့အဝင် မုခ်ဦးသစ်ကို ဖွင့်လှစ်

AB News – မတ် ၂၆၊ ၂၀၂၆

ရက္ခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကော်မရှင်တပ်၏ ၈၁ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသည့်အနေဖြင့် စစ်တွေမြို့အဝင် မုခ်ဦးသစ်ကို ယမန်နေ့ မတ်လ ၂၅ ရက်၊ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

၂၀၂၆ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် ၈၁ နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရက္ခိုင်ပြည်နယ်၊ စစ်တွေမြို့အဝင် မုခ်ဦးဖွင့်ပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာဦး၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စစ်တွေမြို့အဝင်မုခ်ဦးသစ် တည်ဆောက်မှု ပြီးစီးနေသည်မှာ ကြာနေပြီဖြစ်သော်လည်း ရက္ခိုင်ပြည်အတွင်းမှ စစ်ကောင်စီအဖွဲ့သည် တပ်မတော်နေ့ နီးကပ်ချိန်တွင်သာ ကြိုဆိုဂုဏ်ပြုသော ခေါင်းစဉ်ဖြင့် နာမည်ယူ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း စစ်တွေမြို့ခံများက ဆိုကြသည်။

ယခင်ရှိသည့် စစ်တွေမြို့အဝင် မုခ်ဦးမှာ ၂၀၂၃ ခုနှစ်၊ မေလတွင် ဖြစ်ပွားခဲ့သော အင်အားပြင်း မိုခါမုန်တိုင်းကြောင့် ထိခိုက်ပျက်စီးသွားခဲ့ပြီး စစ်ကော်မရှင်အဖွဲ့က မုခ်ဦးသစ် ပြန်လည် တည်ဆောက်ထားခြင်းဖြစ်သည်။

ယခု တည်ဆောက်ထားသော စစ်တွေမြို့အဝင် မုခ်ဦးသစ်မှာ မိုးဒဏ်၊ လေဒဏ်နှင့် မြေငလျင်ဒဏ် ခံနိုင်ကြောင်း စစ်ကော်မရှင်အဖွဲ့က ပြောကြားထားပြီး တစ်ဖက်လျှင် တိုင် ၈ လုံး စုစုပေါင်း ၁၆ လုံးဖြင့် အခိုင်အမာ တည်ဆောက်ထားကြောင်းလည်း သိရသည်။

စစ်တွေမြို့နှင့်အနီးတွင် အာရက္ခတပ်တော်(AA)နှင့် တိုက်ပွဲများ ဖြစ်ပွားလျက် ရှိနေသော်လည်း စစ်ကောင်စီသည် စစ်တွေမြို့ထဲတွင် မုခ်ဦး အပါအဝင် လမ်းများ၊ အားကစားကွင်းများနှင့် ဌာနဆိုင်ရာ အဆောက်အဦးအချို့ကို ပြုပြင်တည်ဆောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ArakanBayNews #AB_News #စစ်တွေမြို့အဝင်မုခ်ဦးသစ် #ဖွင့်လှစ် #Military_Commission #၈၁နှစ်မြောက်တပ်မတော်နေ့ #Sittway #Rakhine

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ