
AB News – မတ် ၂၆၊ ၂၀၂၆
စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့သည့် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံ ပြန်လည်တည်ဆောက်ရေးအတွက် ရသေ့တောင်မြို့နယ်လုံးဆိုင်ရာ သံဃာတော်များနှင့် တကာ၊ တကာမများမှ ငွေ ၄၅၅ သိန်းကျပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါ အလှူငွေ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မတ် ၂၆ ရက်နေ့တွင် ကျင်းပခဲ့ပြီး ဒေသဆိုင်ရာ တာဝန်ရှိသူများ၊ သံဃာတော်များ၊၊ မြောက်ဦးပြည်သူ့ဆေးရုံ ပြန်လည်တည်ဆောက်ရေးကော်မတီဝင်များနှင့် လူမှုအသင်းအဖွဲ့များ တက်ရောက်ခဲ့ပြီး အလှူငွေများကို မြောက်ဦးပြည်သူ့ဆေးရုံ ပြန်လည်တည်ဆောက်ရေးကော်မတီ တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
လှူဒါန်းငွေများသည် ဒေသတွင်း ကျန်းမာရေးဝန်ဆောင်မှုများ ပြန်လည်ကောင်းမွန်လာစေရန် ရည်ရွယ်၍ စုပေါင်းထည့်ဝင်လှူဒါန်းခြင်းဖြစ်ပြီး လှူဒါန်းငွေ ၄၅၅ သိန်းကျပ်အား မြောက်ဦး ပြည်သူ့ဆေးရုံ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ဆေးရုံပြန်လည်တည်ဆောက်ရေးကော်မတီ တာဝန်ရှိသူတစ်ဦးမှ ”ဆေးရုံအဆောက်အဦး ပြန်လည်တည်ဆောက်ခြင်း၊ ဆေးပစ္စည်းများ ဖြည့်တင်းခြင်းနှင့် လူနာဆောင်များ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး၊ အလှူရှင်ပြည်သူများ၏ ထောက်ပံ့ကူညီမှုများကြောင့် လုပ်ငန်းများ ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည်” ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင်လည်း မောင်တောခရိုင်ရှိ မူဆလင်ပြည်သူများမှ မြောက်ဦးပြည်သူ့ ဆေးရုံပြန်လည် တည်ဆောက်ရေးအတွက် စုပေါင်းအလှူငွေ ကျပ်သိန်း ၅၀၀ ကို လှူဒါန်းခဲ့သည်။
စစ်ကော်မရှင်တပ်သည် ပြည်သူများ ဆေးကုသမှုခံယူနေသော မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါဗုံးကြဲတိုက်ခိုက်မှုအတွင်း အပြစ်မဲ့ကလေးငယ်နှင့် လူနာများအပါအဝင် အရပ်သားပြည်သူ ၃၃ ဦး သေဆုံးခဲ့ရပြီး ၇၆ ဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ကြရသည့်အပြင် ဆေးရုံကြီးမှာလည်း ပျက်စီးသွားခဲ့သည်။