AB News – မတ် ၂၄၊ ၂၀၂၆
ကျောက်ဖြူမြို့နယ်၊ စနဲမြို့ကို စစ်ကော်မရှင်လေတပ်မှ ဆူဆိုဒ်ဒရုန်း ၄ စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယမန်နေ့ မတ် ၂၃ ရက်နေ့, နေ့လယ် ၁၁ နာရီ၊ ၅၀ မိနစ်ခန့်တွင် စစ်ကော်မရှင်လေတပ်သည် ဆူဆိုဒ်ဒရုန်း ၄ စီးဖြင့် စနဲမြို့၊ အလယ်ပိုင်းရပ်ကွက်ကို ဦးတည်၍ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဗုံးကြဲချတိုက်ခိုက်မှုအတွင်း ကျောက်ဖြူမြို့နယ်၊ စနဲမြို့မှ ဒေါ်မခင်သိန်း အသက် ၇၅ နှစ်၊ ကိုဟိန်းထက်ဇော် အသက်၂၁ နှစ်၊ မောင်ကြီး အသက် ၁၃ နှစ်နှင့် ဒေါ်မြင့်ရွှေရီ အသက်၂၉ နှစ် တို့သည် ဗုံးစထိမှန်၍ ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။.
ထို့အပြင် လူနေအိမ်များနှင့် ဆိုင်ခန်းအချို့လည်း မီးလောင်ပြာကျကာ ပျက်စီးခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ကျောက်ပြောက်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို စစ်ကော်မရှင်လေတပ်မှ ဒရုန်း ၂ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျောင်းဆောင်အချို့ ပျက်စီးခဲ့ရသည်။
အလားတူ ပြီးခဲ့သည့် မတ်လ ၁၈ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်၊ ဒိုးတောင်ကျေးရွာကို စစ်ကော်မရှင်လေတပ်မှ ဂျက်ဖိုင်တာအပါအဝင် ဒရုန်းများအသုံးပြုကာ ၃ ကြိမ်တိုင်တိုင် ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင် အမျိုးသားတစ်ဦး သေခဲ့ဆုံးပြီး နေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့သည်။
လက်ရှိ ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA)နှင့် စစ်ကော်မရှင်ကြား တိုက်ပွဲများဆက်လက် ပြင်းထန်နေပြီး စစ်ကော်မရှင်ဘက်မှ စစ်ရေးနှင့် မသက်ဆိုင်သည့် မြို့၊ ရွာများကို လက်နက်ကြီး ပစ်ခတ်မှုအပါအဝင် လေကြောင်း၊ ဒရုန်းများ အသုံးပြု၍ ပစ်မှတ်ထားတိုက်ခိုက်နေသဖြင့် ဒေသခံများ ထိခိုက်၊ သေဆုံးမှု များပြားလာနေသည်ကို တွေ့ရှိရသည်။




