
AB News – မတ် ၁၆ ၂၀၂၆
အာရက္ခပြည်၊ မောင်တောမြို့နယ်၊ မြောက်ပိုင်းရှိ ရက္ခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တစ်လျှောက် နယ်မြေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးအတွက် ကင်းလှည့် ဆောင်ရွက်နေသည့် အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များသည် အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့ဝင်များ၏ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် အလစ်အငိုက် ပစ်ခတ်တိုက်ခိုက်ခြင်း ခံခဲ့ရပြီး AA တပ်ဖွဲ့ဝင် ၁၀ ဦးကျော် သေဆုံး ခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၈ ရက်နေ့တွင် AA တပ်ဖွဲ့ဝင်များသည် ထော်လာဂျီယာဉ်ဖြင့် ဝေလာတောင်အနီး နယ်စပ်တစ်လျှောက် ပုံမှန်ကင်းလှည့်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေစဉ် ARSA အဖွဲ့က ကြိုတင်ထောင်ထားသော မိုင်းများဖြင့် စတင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မိုင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် တရစပ် ဝိုင်းဝန်းပစ်ခတ်ခဲ့ခြင်းကြောင့် သေဆုံးသူ များပြားခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ အာရက္ခ နယ်စပ်ကို ခိုးဝင် ဖြတ်ကျော် ဝင်ရောက်လာခြင်းဖြစ်ပြီး၊ တိုက်ခိုက်မှုအပြီးတွင် နယ်စပ်တစ်ဖက်ခြမ်းသို့ ပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
မောင်တောမြောက်ပိုင်းမှ ဒေသခံတစ်ဦးက
“တကယ်တော့ ဒီနယ်စပ်တစ်လျှောက်မှာ AA တပ်ဖွဲ့ဝင်တွေ ရှိနေပြီး အမြဲမပြတ် ကင်းလှည့်ပေးနေလို့သာ ကျနော်တို့ ဒေသခံတွေ စိတ်အေးချမ်းသာနဲ့ နေထိုင်လုပ်ကိုင်စားသောက်နိုင်ကြတာပါ။ အခုလို သူတို့တိုက်ခိုက်ခံရတာ မြင်ရတော့ ကျနော်တို့လည်း အတော်လေး စိတ်မကောင်းဖြစ်ရပါတယ်။ အကြမ်းဖက်အဖွဲ့တွေက ပြည်သူတွေကို အန္တရာယ်ပေးမှာစိုးလို့ သူတို့က အသက်ပေးပြီး လုံခြုံရေးယူပေးနေကြတာပါ။ AA ကင်းလှည့်ပေးတဲ့အတွက် ကျနော်တို့ဘဝတွေက လုံခြုံမှုရှိတာပါ ” ဟုဆိုသည်။
ယင်း တိုက်ခိုက်မှုသည် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် စနစ်တကျ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ပြည်သူများက ယူဆနေကြသည်။
အထူးသဖြင့် စစ်ကော်မရှင် အနေဖြင့် ၎င်းတို့ လက်လွှတ်လိုက်ရသည့် နယ်မြေစိုးမိုးမှုကို ပြန်လည်ရရှိရန်အတွက် ARSA အဖွဲ့ကို ကြားခံအဖွဲ့အစည်း (Proxy Group) အဖြစ် အသုံးချကာ ပဋိပက္ခသစ်များ ဖော်ဆောင်နေခြင်း ဖြစ်သည်။
စစ်ကော်မရှင်သည် အဆိုပါ အကြမ်းဖက်အဖွဲ့များကို နောက်ကွယ်မှ ကျောထောက် နောက်ခံပြုကာ လက်နက်ခဲယမ်းနှင့် နည်းပညာများ ပံ့ပိုးကူညီနေကြောင်း AA က မကြာခဏ သတိပေးထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။
ဒေသတွင်း နိုင်ငံရေးနှင့် စစ်ရေးအခြေအနေကို စောင့်ကြည့် လေ့လာနေသူတစ်ဦးက “အခုဖြစ်စဉ်ဟာ စစ်ကော်မရှင်ရဲ့ ကြိုးကိုင်ခြယ်လှယ်မှုအောက်မှာ ARSA က လက်ပါးစေ ကြားခံ လက်နက်တစ်ခုအနေနဲ့ လှုပ်ရှားနေတာကို ထင်ထင်ရှားရှား ပြသနေပါတယ်။ စစ်ကော်မရှင်ဟာ သူတို့ရဲ့ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားဖို့အတွက် ဒေသတွင်းမှာ ‘Proxy War’ (ကြားခံစစ်) တစ်ခုကို ဖန်တီးပြီး အာရက္ခဒေသရဲ့ တည်ငြိမ်မှုကို ရည်ရွယ်ချက်ရှိရှိ ဖြိုခွဲနေတာပါ။ ဒါဟာ အိမ်နီးချင်းနိုင်ငံနဲ့ ဆက်ဆံရေးကိုပါ သွေးထိုး ကျဲပေးနေတဲ့ လုပ်ရပ်ဖြစ်ပါတယ်” ဟုဆိုသည်။
အကြမ်းဖက် စစ်သွေးကြွ ARSA အဖွဲ့ဝင်များသည် နယ်စပ်အနီး တောတောင်ထူထပ်သည့် ဒေသများဖြစ်သော တောင်ပြို၊ မီးတိုက်နှင့် ဝေလာတောင်ဖက်ခြမ်း တချို့၌ အဓိက လှုပ်ရှားနေကြပြီး လူနည်းစု တိုင်းရင်းသားများကို ခြုံခိုသတ်ဖြတ်ခြင်း၊ ဓားစာယူခြင်း စသည့် အကြမ်းဖက်မှုများ ဆက်တိုက်ကျူးလွန်နေကြောင်း Arakan Bay News ၏ ကွင်းဆင်းတွေ့ရှိချက်များအရ သိရသည်။
အထူးသဖြင့် ပြားသားရွာ – ကျီးကန်းပြင်လမ်း၊ အောင်မင်္ဂလာရွာ – ဖားဝပ်ချောင်းလမ်း၊ – ကြိမ်ချောင်း- သင်္ဘောလှလမ်း၊ လိပ်ရ – နံသာတောင်လမ်းနှင့် တောင်ပြို – မီးတိုက်လမ်းတို့သည် ARSA အဖွဲ့များ လှုပ်ရှားမှု အများဆုံးရှိသည့် နေရာများအဖြစ် တွေ့ရသည်။
ယင်း အခြေအနေများကြောင့် အာရက္ခတပ်တော်သည် ဒေသတွင်း လုံခြုံရေးကို ပြန်လည်ထိန်းသိမ်းနိုင်ရန် ရည်ရွယ်၍ နယ်စပ်တစ်လျှောက် တောတောင်များအတွင်း ရှာဖွေရှင်းလင်းခြင်း၊ လျှို့ဝှက်သိုလှောင်ထားသော လက်နက်ခဲယမ်းများကို ဖော်ထုတ်သိမ်းဆည်းခြင်းနှင့် ARSA အဖွဲ့ဝင်များကို ဖမ်းဆီးခြင်းစသည့် စစ်ဆင်ရေးများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိသည်။
အကြမ်းဖက် ARSA အဖွဲ့သည် ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်မှ ရက္ခိုင်ဘက်သို့ လျှို့ဝှက်စွာ ဝင်ရောက်ကာ လူမျိုးရေးအခြေခံ ပဋိပက္ခများကို ဖန်တီးနေမှုသည် ဒေသတွင်း ငြိမ်းချမ်းရေးအတွက် အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်လာနေကြောင်း ဒေသခံများက ထောက်ပြ ပြောဆို ကြသည်။
ရက္ခိုင်ပြည်အတွင်းတွင် ARSA အပါအဝင် RSO၊ ARA နှင့် RIM စသည့် အကြမ်းဖက် မူဆလင် လက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများသည် ဒေသခံပြည်သူများ၏ လုံခြုံရေးနှင့် ဒေသတည်ငြိမ်အေးချမ်းမှုကို ခြိမ်းခြောက်လျက်ရှိနေသည်။
အကြမ်းဖက် စစ်သွေးကြွ အဖွဲ့များသည် နယ်စပ်ဒေသများရှိ တောတောင်ထူထပ်သောနေရာများကို အခြေပြုကာ တိတ်တဆိတ် လှုပ်ရှားလျက်ရှိပြီး၊ ဒေသခံတိုင်းရင်းသားများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း၊ အဓမ္မဖမ်းဆီးချုပ်နှောင်ခြင်းနှင့် သတ်ဖြတ်ခြင်းစသည့် ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို ကျူးလွန်နေကြောင်း တွေ့ရသည်။
လက်ရှိတွင် အာရက္ခတပ်တော်သည် နယ်စပ်ဒေသအတွင်း ကျူးကျော်ဝင်ရောက်လာသည့် အကြမ်းဖက်အုပ်စုများကို ရှင်းလင်းရန်နှင့် ပြည်သူလူထု၏ လုံခြုံရေးကို အပြည့်အဝ ကာကွယ်ရန်အတွက် စစ်ရေးအရှိန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည်။
ထို့အပြင် နယ်စပ်တစ်လျှောက် အင်အားတိုးမြှင့်ကာ အကြမ်းဖက်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#AB_News #ArakanArmy #Maungdaw #BorderSecurity #Terrorism #ARSA #RSO #ARA #RIM #ProxyWar #MilitaryCommission #ArakanNews #RakhineState #ArakanBangladeshBorder #PublicSecurity #StopTerrorism #ArakanPeople #WailarMountain