AB News – မတ် ၁၄၊ ၂၀၂၆
မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးဒေသရှိ အကြမ်းဖက် စစ်တပ်၏ လုံးတုံစခန်းကို KIAနှင့် ပူးပေါင်းတပ်က မတ်လ ၁၃ ရက်နေ့ ညပိုင်းတွင် ထိုးစစ်ဆင် တိုက်ခိုက်ရာ ကာကင်းတချို့ သိမ်းပိုက်ရရှိပြီး စစ်ကော်မရှင်ရုပ်အလောင်း ၆ လောင်း အပါအဝင် စစ်သုံ့ပန်းတချို့နှင့် လက်နက် ၁၃ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်နှင့် ရှမ်းနီ ပြည်သူ့စစ် တပ်ဖွဲ့(SNA)တို့ ပူးပေါင်း တပ်စွဲထားသော လုံးတုံစခန်းကို KIA/KPDF ပူးပေါင်းတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်၏ ကာကင်းစခန်းတချို့ကို သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်မှ စစ်သားများက ရှေ့ဆုံးမှ ထွက်ပြေးသွားသောကြောင့် SNA အဖွဲ့က ထိခိုက်သေဆုံးမှုများပြားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အင်းတော်ကြီးဒေသတွင် စစ်တပ်က တိုက်ပွဲများအတွင်း SNA အဖွဲ့ဝင်များကို ရှေ့ဆုံးမှ ထား၍ တိုက်ခိုက်နေခြင်းကြောင့် SNA ဘက်မှ ထိခိုက်သေဆုံးမှုများပြားနေ၍ စစ်တပ်၏ အသုံးချခံမဖြစ်စေရေး တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ကြရန် KIA/KPDF တော်လှန်ရေးအင်အားစုက ဖိတ်ခေါ်ထားကြောင်း သိရသည်။
အင်းတော်ကြီးဒေသရှိ စစ်တပ်နှင့် SNA (ရှမ်းနီအမျိုးသားတပ်) အဖွဲ့တို့ ပူးပေါင်းတပ်စွဲထားသော လုံးတုံစခန်းသည် အခိုင်မာဆုံး စခန်းတစ်ခုဖြစ်ပြီး ဖားကန့်မြို့၊ ဟိုပင်မြို့နှင့် မိုးညှင်းမြို့တို့ကို ဆက်သွယ်ထားသော အရေးပါသည့် တပ်စခန်းတစ်ခုဖြစ်ကြောင်းသိရသည်။


