AB News – မတ် ၄၊ ၂၀၂၆
မောင်တောတွင် ကလေးသူငယ်များကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဦးဆောင်၍ အခမဲ့ကာကွယ်ဆေး ထိုးပေးနေကြောင်း မောင်တောဒေသခံများက ဆိုကြသည်။
ယမန့်နေ့ မတ်လ ၃ ရက်၊ နံနက် ၁၀ နာရီခန့်အချိန်မှ စတင်၍ အာရက္ခပြည်သူ့ကျန်းမာရေးဌာနမှ ဦးဆောင်ပြီး မောင်တောမြို့ပေါ်ရှိ ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသော အသက် ၅ နှစ်အောက် ကလေးငယ်များကို တတိယအကြိမ်မြောက် ကာကွယ်ဆေးထိုးပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါကာကွယ်ဆေးထိုးရာတွင် အသက် ၂လ မှ ၂ နှစ်အောက် ကလေးငယ်များကို တတိယအကြိမ် ဦးနှောက်အမြှေးရောင်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသက် ၃ နှစ်မှ ၅ နှစ်အရွယ် ကလေးငယ်များကို ပထမအကြိမ် ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး ထိုးနှံမှုများလည်းပါဝင်ခဲ့ကြောင်း သိရသည်။
အလားတူ အသက် ၂ လမှ ၁ နှစ်ကြားကလေးငယ်များအတွက် ပိုလီယိုရောဂါကာကွယ်ရန် OPV သောက်ဆေး၊ ဆုံဆို့နာ၊ မေးခိုင်နှင့် ကြက်ညှာ ချောင်းဆိုးရောဂါ ၃ မျိုးကို ကာကွယ်ပေးသည့် DPT ထိုးဆေးနှင့် ခြင်မှတဆင့် ကူးစက်တတ်သည့် ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်ဆေး(JE) များကို အခမဲ့ ထိုးပေးခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် အသက် ၁ နှစ်နှင့် ၃ နှစ်ကြား ကလေးငယ်များကို ရေကျောက်ဗိုင်းရပ်စ်ကြောင့် ဖြစ်ပွားသည့် ရေကျောက်ရောဂါကာကွယ်ဆေး၊ အသက် ၃ နှစ်မှ ၅ နှစ်အောက် ကလေးငယ်များအား အသည်းရောင်အသားဝါ – A ကာကွယ်ဆေးနှင့် ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး၊ သွေးအဆိပ်သင့်ရောဂါများကို ကာကွယ်ပေးသည့် ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေးများကိုလည်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးပေးခြင်းကို ပြီးခဲ့သည့်နှစ် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလအတွင်း အာရက္ခပြည်သူကျမ်းမာရေးဌာနမှ ဦးဆောင်ကာ ပထမဆုံးအကြိမ်အဖြစ် မောင်တောမြို့နယ်အတွင်း မောင်တော်မြို့ပေါ် ရပ်ကွက်များ၊ မြို့နယ်အတွင်းရှိ ရွှေဇား၊ ဂုံးနား၊ ကပ္ပချောင်း၊ ဂေါညာ၊ ကပ်ဘေး၊ စေတီပြင် စသည့် မူဆလင် ကျေးရွာများအပါအဝင် မောင်တော မြောက်ပိုင်းရှိ ကျေးရွာများကိုလည်း ထိုးနှံမှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ထို့နောက် ကာကွယ်ဆေးထိုးနှံပေးမှု ဒုတိယမြောက်အကြိမ်ကို ယခုနှစ် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၃၀ ရက်နေ့တွင် မောင်တောမြို့ပေါ် ရပ်ကွက်များတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

