AB News – စက်တင်ဘာ ၂၀၊ ၂၀၂၆
အာရက္ခဒေသ၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူဘုန်းတော်ကြီးကုန်းတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် အာရက္ခတပ်တော် AA က M-14 အမျိုးအစား မြေမြှုပ်မိုင်း ၄ လုံးကို တူးဖော် ရှင်းလင်းတွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မိုင်း ၄ လုံးအနက် ၃ လုံးကို စက်တင်ဘာ ၁၈ ရက် ညနေ ၃ နာရီခန့်တွင် ကျောက်ပန္ဒူဘုန်းတော်ကြီးကုန်းဝန်းကျင်၌ မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ ကျန်တစ်လုံးကို စက်တင်ဘာ ၁၇ ရက်တွင် ကျောက်ပန္ဒူစခန်း၏ အရှေ့တောင်ဘက် မီတာ ၉၀ ခန့်အကွာ၌ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ M-14 မြေမြှုပ်မိုင်းများသည် မောင်တောမြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ဘက်က ထောင်ထားခဲ့သည့် မိုင်းများဖြစ်ကြောင်း အာရက္ခတပ်တော်ဘက်က ပြောဆိုထားသည်။
အထူးသဖြင့် လူနေအဆောင်များနှင့် မီတာ ၉၀ ခန့်သာကွာဝေးသည့် နေရာတွင် မိုင်းတစ်လုံးတွေ့ရှိခဲ့ခြင်းကြောင့် ယခင်က ပုံမှန်အသုံးပြုခဲ့သည့် တောတောင်နှင့် ထင်းခုတ်သည့်နေရာများတွင်ပင် မိုင်းအန္တရာယ်ရှိနေသေးကြောင်း ဒေသခံများအကြား စိုးရိမ်မှုများ ရှိနေသည်။
” အရင်ကလည်း အဲဒီနေရာကို ထင်းခုတ်ဖို့ ပုံမှန်သွားနေကြတာပါ။ အဆောင်တွေနဲ့လည်း သိပ်မဝေးဘူး။ အခုလို မိုင်းတွေ့လာတော့ တော်တော်စိုးရိမ်ရတယ်။ ကိုယ်တိုင်လည်း မထိရဲတော့ပဲ တာဝန်ရှိသူတွေကို အကြောင်းကြားပြီး ရှင်းလင်းပေးဖို့ လိုအပ်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။
ထို့အပြင် ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်းကလည်း စစ်ကောင်စီတပ်များ ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်း ၁၂၈ လုံးကို မိုင်းရှင်းလင်းရေးလုပ်ငန်းများအတွင်း အာရက္ခတပ်တော် AA က ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
မောင်တောဒေသတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်နေရာများနှင့် ယခင် စစ်ကောင်စီတပ်များ တပ်စွဲခဲ့သည့် စခန်းဝန်းကျင်များအပြင် တောတောင်၊ ယာခင်း၊ လယ်ယာနှင့် လမ်းဘေးဝန်းကျင်များတွင် မြေမြှုပ်မိုင်းများနှင့် စစ်ကျန်ပေါက်ကွဲစေတတ်သည့် ပစ္စည်းများ ကျန်ရှိနေနိုင်ကြောင်း ဒေသတွင်း တာဝန်ရှိသူများက သတိပေးထားသည်။
အဆိုပါ မိုင်းများကြောင့် ဒေသခံများသည် ထင်းခုတ်ခြင်း၊ ဟင်းသီးဟင်းရွက်ရှာဖွေခြင်း၊ လယ်ယာလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် တောတောင်အတွင်း သွားလာခြင်းများပြုလုပ်ရာတွင် မိုင်းအန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သဖြင့် သတိထားသွားလာရန် လိုအပ်နေသည်။
အာရက္ခတပ်တော် AA အနေဖြင့် မိုင်းရှင်းလင်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပြီး ဒေသခံပြည်သူများ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်လည်နေထိုင်နိုင်ရေးအတွက် မိုင်းအန္တရာယ် အသိပညာပေးခြင်းနှင့် သတိပေးဆိုင်းဘုတ်များ ပြုလုပ်ခြင်းတို့ကိုလည်း ဆောင်ရွက်နေကြောင်း သိရသည်။
ဒေသခံများအနေဖြင့် ယခင်က စစ်ကောင်စီတပ်များ တပ်စွဲခဲ့သည့် စခန်းများ၊ တိုက်ပွဲဖြစ်ပွားခဲ့သည့် နေရာများနှင့် တောတောင်၊ ယာခင်း၊ လယ်ယာနှင့် လမ်းဘေးဝန်းကျင်များတွင် မသင်္ကာဖွယ် ပစ္စည်းများတွေ့ရှိပါက ကိုယ်တိုင်ထိတွေ့ခြင်း၊ ရွှေ့ပြောင်းခြင်းမပြုဘဲ သက်ဆိုင်ရာ တာဝန်ရှိသူများထံ ချက်ချင်းအကြောင်းကြားရန် တိုက်တွန်းထားသည်။
Photo – AB News
