သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ICJ တွင် မြန်မာနိုင်ငံအပေါ် စွဲဆိုထားသော လူမျိုးတုံးသတ်ဖြတ်မှုအမှု အနှစ်သာရပိုင်း စတင်စစ်ဆေး

AB News – ဇန်နဝါရီ ၁၂၊ ၂၀၂၆

ရက္ခိုင်ပြည်အတွင်း မူဆလင်များအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအား စွဲဆိုထားသည့်အမှုအား နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် ယနေ့ ဇန်နဝါရီ ၁၂ ရက်နေ့မှ စတင်ကာ အနှစ်သာရပိုင်းဆိုင်ရာ ကြားနာ စစ်ဆေးမှုများ စတင် ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ယခုအကြိမ် ကြားနာစစ်ဆေးမှုကို ဇန်နဝါရီလ ၂၉ ရက်နေ့အထိ စုစုပေါင်း သုံးပတ်ကြာ မြင့်မည်ဖြစ်ပြီး အမှု၏ အဓိကအချက်အလက်များကို အသေးစိတ် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကြားနာမှု ပထမပတ်တွင် ဂမ်ဘီယာနှင့် မြန်မာနိုင်ငံတို့မှ ကိုယ်စားလှယ်များက အမှုနှင့်ပတ်သက်၍ နှုတ်ဖြင့် လျှောက်လဲချက်များ အပြန်အလှန် တင်ပြကြမည်ဖြစ်သည်။

ဒုတိယပတ်တွင်မူ ထူးခြားချက်အနေဖြင့် သက်သေများ၏ လုံခြုံရေးကို ငဲ့ကွက်သောအားဖြင့် တံခါးပိတ်စစ်ဆေးမှုကို ပြုလုပ်သွားမည်ဖြစ်သည်။

ယင်းသို့ သက်သေများကို တံခါးပိတ်စစ်ဆေးသည့် ပုံစံသည် ICJ ၏ သမိုင်းတစ်လျှောက်တွင် အလွန်ရှားပါးသည့် လုပ်ထုံးလုပ်နည်းတစ်ခု ဖြစ်ကြောင်း နိုင်ငံတကာ ဥပဒေလေ့လာသူများက သုံးသပ်ကြသည်။

တတိယပတ်တွင် နှစ်ဖက်စလုံးက နောက်ဆုံး အပြန်အလှန် တုံ့ပြန်လျှောက်လဲချက်များကို တင်ပြကာ ကြားနာမှုကို ရုပ်သိမ်းမည်ဖြစ်သည်။

ယခုကြားနာမှုသို့ စစ်ကော်မရှင်ဘက်မှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်လျက်ရှိသည်။

ICJ ၏ ထုတ်ပြန်ချက်အရ ယခုအဆင့်တွင် အမှု၏ အနှစ်သာရအပေါ် အခြေခံ၍ သက်ဆိုင်ရာအဖွဲ့အစည်းများမှ တင်ပြထားသည့် သက်သေများနှင့် ကျွမ်းကျင်သူများကိုပါ ခေါ်ယူစစ်ဆေးသွားမည်ဟု သိရသည်။

အမျိုးသမီးငြိမ်းချမ်းရေးကွန်ရက် (WPN) ၏ အမှုဆောင်ညွှန်ကြားရေးမှူး မဝေဝေနုက ယခုကဲ့သို့ အနှစ်သာရပိုင်း စစ်ဆေးသည့်အဆင့်သို့ ရောက်ရှိလာခြင်းသည် မူဆလင်ဒုက္ခသည်များအတွက် တရားမျှတမှုရရှိရန် မျှော်လင့်ချက်အသစ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရနေခြင်းကို အဆုံးသတ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝိုင်းဝန်းကူညီကြရန်လည်း တိုက်တွန်းထားသည်။

ဂမ်ဘီယာနိုင်ငံသည် ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်၏ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးများကြောင့် မူဆလင် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ရသည့် ဖြစ်စဉ်အပေါ် အခြေခံ၍ ၂၀၁၉ ခုနှစ်တွင် ICJ ၌ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် မြန်မာနိုင်ငံဘက်မှ တင်ပြထားသည့် ကန့်ကွက်ချက်များကို ပယ်ချကာ အမှုကို ဆက်လက်စစ်ဆေးရန် ICJ က ဆုံးဖြတ်ခဲ့ပြီးနောက်၊ ယခု ၂၀၂၆ ခုနှစ်တွင် အရေးအကြီးဆုံးအဆင့်ဖြစ်သည့် အနှစ်သာရပိုင်း စစ်ဆေးမှုသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

AB _News#ICJ #MyanmarGenocideCase #GambiaVsMyanmar # #Women’sPeaceNetwork #InternationalCourtOfJustice #HumanRights

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ