သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မူဆလင်များအား လူမျိုးတုံးသတ်ဖြတ်ခဲ့သော စကမသည် အရပ်သားအစိုးရကို ဖြုတ်ချသည်အထိ ရဲတင်းလာကြောင်း ဂမ်ဘီယာဝန်ကြီးပြော

AB News- ဇန်နဝါရီ ၁၃၊ ၂၀၂၆
ဒေဝီ

စစ်ကော်မရှင်ကို ဂမ်ဘီယာနိုင်ငံက မူဆလင်များအပေါ်လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့မှုနှင့် ပတ်သတ်၍ နယ်သာလန်နိုင်ငံ၊ သဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် တရားစွဲဆိုထားပြီး စစ်ကော်မရှင်သည် အရပ်သားများတင်ထားသည့် အစိုးရကိုပါ ဖြုတ်ချရဲသည်အထိ ရဲတင်းလာကြောင်း ဂမ်ဘီယာဝန်ကြီးက ကြားနာစစ်ဆေးမှုတွင် ပြောကြားခဲ့သည်။

ယမန်နေ့ ဇန်နဝါရီ ၁၂ ရက်နေ့က ICJ တွင် စစ်ကော်မရှင်ကို မူဆလင်များအား လူမျိုးတုံးသတ်ဖြတ်ထားသည့် တရားစွဲဆိုထားမှုနှင့် ပတ်သတ်ပြီး နှစ်ပတ်ကြာပြုလုပ်မည့် ကြားနာစစ်ဆေးမှုကို စတင်ခဲ့ကာ ထို့သို့ ကြားနာစစ်ဆေးစဉ်တွင် ဂမ်ဘီယာတရားရေးဝန်ကြီး ဒေါ်ဒါဂျဲလိုးက “ စစ်တပ်ဟာ အရပ်သားအစိုးရကို ဖြုတ်ချရဲတဲ့ အထိ ရဲတင်းလာတယ်” ဟု အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ ပြောကြားခဲ့ကြောင်း Reuters သတင်းဌာန တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်အတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်က ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးဆိုင်ရာ သဘောတူစာချုပ်ပါ အချက်များကို ဖောက်ဖျက်ခဲ့သည်ဟု စွဲချက်တင်ထားကာ ဂမ်ဘီယာနိုင်ငံက မူဆလင်လူမျိုးများဘက်မှ တရားစွဲဆိုထားခြင်းဖြစ်သည်။

အဆိုပါ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ပွားခဲ့ချိန်က မြန်မာစစ်တပ်ကို ကွပ်ကဲခဲ့သည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှာ ယခုအချိန်တွင် စစ်ကော်မရှင်ခေါင်းဆောင်အဖြစ်တာဝန်ယူထားပြီး မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများကို ကျူးလွန်လျက်ရှိကာ တိုင်းရင်သားလူမျိုးများအပေါ် သက်ရောက်နေကြောင်းလည်း ၎င်းက ပြောကြားထားသည်။

“ တကယ့်ကို ဝမ်းနည်းကြေကွဲစရာကောင်းတာကတော့ မြန်မာနိုင်ငံက ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ သံသရာဆိုးကြီးထဲမှာ ရုန်းမထွက်နိုင်အောင် ပိတ်မိနေတာပါပဲ။ မူဆလင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် ဒီနေ့အထိ ဘယ်သူ့ကိုမှ တာဝန်ရှိကြောင်း ဖော်ထုတ်အရေးယူတာမျိုးမရှိသေးပါဘူး။” ဟု ပြောကြားခဲ့သည်။

ယင်းအပြင် ယခုစွဲဆိုထားသည့်အမှုတွင် မြန်မာနိုင်ငံ၏ မူလကိုယ်စားလှယ်ဖြစ်သူ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဟောင်း ဒေါ်အောင်ဆန်းစုကြည်လည်း စစ်တပ်၏ အာဏာသိမ်းမှုနှင့်အတူ အဖမ်းခံထားခဲ့ရပြီး လွတ်လပ်ခွင့် ဆုံးရှုံးနေကြောင်းလည်း ၎င်းကပြောကြားခဲ့သည်။

အဆိုပါကြားနာစစ်ဆေးမှု၏ နောက်ဆုံးဆုံးဖြတ်ချက်ထွက်ပေါ်ရန် အချိန်အတော်အတန် ကြာမြင့်နိုင်ပြီး ICJ တွင် ၎င်း၏ ဆုံးဖြတ်ချက်များကို အတင်းအကျပ်အကောင်အထည် ဖော်ရန် လုပ်ပိုင်ခွင့်မရှိသော်လည်း ဂမ်ဘီယာနိုင်ငံဘက်က အနိုင်ရခဲ့ပါက မြန်မာနိုင်ငံအပေါ် နိုင်ငံရေးအရ ဖိအားများ ပိုမိုသက်ရောက်စေနိုင်သည်။

အနောက်အာဖရိကတွင်တည်ရှိသော ဂမ်ဘီယာနိုင်ငံသည် နိုင်ငံအချင်းချင်း အငြင်းပွားမှုများကို စီရင်ပေးနေသည့် အပြည်ပြည်ဆိုင်ရာ တရားရုံး(ICJ) သို့ အဆိုပါအမှုကို ၂၀၂၉ ခုနှစ်က တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ