AB News- ဇန်နဝါရီ ၉၊ ၂၀၂၆
ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ လင်းသာကျေးရွာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော အရပ်သားပြည်သူများအတွက် ယနေ့ ဇန်နဝါရီလ ၉ ရက်နေ့ နံနက်ပိုင်းတွင် အလှူလုပ်ပြီး တရားနာ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ကျန်ရစ်ခဲ့သော မိသားစုဝင်များမှ ကွယ်လွန်သွားသော မိသားစုဝင်များအတွက် လေကြောင်းတိုက်ခိုက်ခံရသည့်နေရာသို့ သံဃာတော်များပင့်ဆောင်ကာ ကောင်းမှုကုသိုလ်ပြုလုပ်ပြီး တရားနာ အမျှဝေပေးခဲ့ကြကြောင်း ငပလီစုပေါင်းပရိဟိတအဖွဲ့၏ လူမှုကွန်ရက်ပေါ်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၉ ရက် ည ၈ နာရီမှာ လေကြောင်းတိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဖြစ်စဉ်အတွင်းသေဆုံးသူ ၉ ဦးရှိခဲ့ကာ ဆေးကုသမှုခံယူရင်း နောက်ထပ်တစ်ဦးသေဆုံးသွားခဲ့ပြီး စုစုပေါင်း ၁၀ ဦးသေဆုံးခဲ့ရသည်။
ထို့ပြင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် လင်းသာကျေးရွာတွင် အရပ်သားပြည်သူ ၁၀ ဦး သေဆုံးခဲ့ရသည့်အပြင် ယင်းတိုက်ခိုက်မှုတွင် ကလေးငယ်များအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိခဲ့ပြီး လက်ရှိတွင် အရေးပေါ် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။
သံတွဲမြို့နယ်အပါအဝင် အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်ရှိ မြို့နယ်များတွင်လည်း စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်မှာ ဆက်လက်ရှိနေသေးသောကြောင့် ဒေသခံ ပြည်သူများမှာ ညအချိန် ဗုံးခိုကျင်းထဲတွင် အိပ်ရကြောင်းလည်း သိရသည်။

