သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ရွှေဘိုမြို့နယ်တွင် တစ်ရက်အတွင်း စကမ လေကြောင်းတိုက်ခိုက်မှု ၁၈ ကြိမ်တိုင် ပြုလုပ်ခဲ့

AB News – ဒီဇင်ဘာ ၁၇၊ ၂၀၂၅
မောင်လိုကီ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ကို အကြမ်းဖက် စစ်ကော်မရှင်က ယမန့်နေ့ ဒီဇင်ဘာလ ၁၆ ရက် တစ်ရက်တည်းတွင် လေကြောင်းတိုက်ခိုက်မှု ၁၈ကြိမ် အထိ ပြုလုပ်ခဲ့သောကြောင့် အရပ်သား ၄ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များက ဆိုကြသည်။

စစ်ကော်မရှင် လေတပ်မှ ရွှေဘိုမြို့နယ်အတွင်းကို ယမန်နေ့ နံနက် ၁၀ နာရီမှ နေ့လည် ၁ နာရီအထိ ဂျက်ဖိုက်တာဖြင့် လေကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်၊ ဂျိုင်ရိုကော်ပတာဖြင့် ၂ ကြိမ် စုစုပေါင်း ၁၈ ကြိမ်အထိ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာတော်အပါအဝင် အရပ်သားပြည်သူ ၄ ဦး သေဆုံးပြီး ပြည်သူပိုင် လူနေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရှိရသည်။

တံတားဦး လေတပ်စခန်းဘက်မှ ဂျက်ဖိုက်တာ ၄စီးဖြင့် ရွှေဘိုမြို့နယ် အရှေ့မြောက်နှင့် အရှေ့တောင်ခြမ်း နေရာများကို နံနက် ၁၀ နာရီကျော်မှ နေ့လည် ၁၂နာရီ ၅၄ မိနစ်ခန့်အထိ လေကြောင်းတိုက်မှု ၁၆ ကြိမ်အထိပြုလုပ်ခဲ့ကြောင်း Wetlet information network ထုတ်ပြန်ချက်တွင် တွေ့ရသည်။

မုံရွာမြို့‌ အနောက်မြောက်တိုင်းစစ်ဌာနချုပ် နမခတပ်စခန်းမှတက်လာသည် ဂျိုင်ရိုကော်ပတာယာဉ် ၃ စီးမှာလည်း ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်းဘက်သို့ ယမန်နေ့ နေ့လယ် ၁၂နာရီခွဲအချိန်ခန့်က လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ပြုလုပ်ခဲ့‌ကြောင်း သိရှိရသည်။

အဆိုပါလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရွှေဘိုမြို့နယ် အရှေ့တောင်ခြမ်း သဲကျွန်းရွာ အရှေ့ဘက်နှင့် အမှတ်-၃ လမ်းမရှိ သံဃာ‌တော်တစ်ပါးအပါအဝင် အရပ်သားပြည်သူ ၃ဦး သေဆုံးခဲ့ရပြီး ၄ဦး ထိခိုက်ဒဏ်ရခဲ့ကြောင်း သိရှိရသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက် ညနေ ၆ နာရီ ဝန်းကျင်ခန့် စဉ်ကူးမြို့နယ်၊ လက်ပံလှကျေးရွာတွင်းသို့ စကမ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု‌ကြောင့် ဒေသခံပြည်သူများ ထိခိုက်သေဆုံးမှုမရှိခဲ့‌သော်လည်း နေအိမ်များနှင့် ဆိုင်ခန်းများ မီးလောင်ပျက်စီးမှုများရှိကြောင်း သိရှိရသည်။

ထိုအပြင် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၅ ရက်‌နေ့တွင် စဉ့်ကူးမြို့နယ်၊ ကြာဥယျာဉ်ရွာ(ခေါ်)ခွေးကျွန်းရွာဘက်သို စစ်ကြောင်းထိုးလာသော စကမတပ်များသည် ဧရာဝတီမြစ်ကြောင်းတွင် မော်တော်မောင်းနေသည့် ဒေသခံများကို သေနတ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်း‌ကြောင့် အသက် ၅ဝအရွယ် အမျိုးသမီး ၁ဦး ကျည်ထိမှန်သေဆုံးခဲ့ရကြောင်း ဒေသဆိုင်ရာသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၀ရက်၊ ည၉နာရီကျော်အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ မြောက်ဦးမြို့ မြို့မဆေးရုံးကို စကမလေတပ်က ဂျက်ဖိုက်တာ နှစ်စီး ဖြင့် ပေါင်၅၀၀ဗုံး နှစ်လုံးကြဲချ ပစ်ခတ်ခဲ့ခြင်းကြောင့် ဆေးရုံးတွင်း ဆေးကုသခံယူနေသူများ၊ လူနာစောင့်များ၊ ဆေးရုံးဝန်ထမ်းများ အပါအဝင် အရပ်သားပြည်သူ ၃၃ ဦးသေဆုံးခဲ့ကပြီး ၈၀ နီးပါး ဒဏ်ရာရရှိခဲ့ရသည်။

အကြမ်းဖက်က်စစ်ကော်မရှင်သည် မြန်မာပြည်အနှံ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေခြင်းများကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ထိခိုက်ပျက်စီးမှုများ ရှိလာနေသည်။

Video – Wetlet information network

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ