သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
မောင်တောတွင် ကျောင်းသား/သူများကို မိုင်း နှင့် လေကြောင်းအန္တရာယ် အသိပညာပေး သင်တန်း HDCO မှ ပို့ချ

AB News – ဒီဇင်ဘာ ၃၊၂၀၂၅
နွယ်စိုး

ရက္ခိုင်ပြည်၊မြောက်ပိုင်း မောင်တောမြို့နယ်တွင် လူမျိုးဘာသာမရွေး ပညာ သင်ယူနေသည့် ကျောင်းသား/သူများကို စစ်ကျန်မြေမြှုပ်မိုင်း အန္တရာယ်များ၊ လေကြောင်းအန္တရာယ်များ၊ လက်နက်ကြီး အန္တရာယ်များနှင့် ပတ်သက်ပြီး ဗဟုသုတဆိုင်ရာ မိုင်း အသိပညာပေး ဟောပြော သင်တန်းများအား လူသားချင်းစာနာထောက်ထားရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး HDCO က ဦးစီး ပို့ချပေးနေသည်ကို AB News က ကွင်းဆင်း တွေ့ရှိရသည်။

ရက္ခိုင်အပါအဝင် မူဆလင်၊ဟိန္ဒူ၊မြို စသည့် မျိုးနွယ်စုဝင် ကျောင်းသား/သူများကို
စစ်ကျန်မိုင်းအန္တရာယ်နှင့် ပတ်သက်ပြီး HDCOက အသိပညာပေး သင်တန်းများ ပို့ချပေးနေကြောင်း G-12တက်ရောက်နေသည့် ကျောင်းသူ မနန်း​ဝေက AB News သို့ပြောသည်။

” အခုလို မိုင်းနဲ့လေကြာင်း အန္တရာယ်ရှောင်ရှားတဲ့ ဗဟုသုတတွေကို လာသင်ပေးတာ ကောင်းပါတယ်၊၊ မိုင်းနဲ့တွေရင် ဘယ်လိုလုပ်ရမယ် ဆိုတာ ကအစ သင်ခွင့်ရတာ အရမ်းဝမ်းသာတယ်၊၊ မိုင်းနင်းမိလို့ ကိုယ်လက် အင်္ဂါဆုံးရှုံးသွားရင် သမီးတို့ ဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ မကိုက်ညီတော့ဘူး၊၊ ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရတော့ဘူး၊၊လေယာဥ်လာရင် ဘယ်လိုရှောင်ရမယ်ဆိုတာလည်း သင်ပေးပါတယ်၊၊ နောက်ပြီး မိုင်းကိုတွေ့ရင် မထိဖို့နဲ့ မထုခွဲ့ဖို့ သင်ပေးပါတယ်၊၊ ဘယ်နေရာသွားရင် ဘယ်မိုင်းတွေ ရှိသလဲ ဆိုတာ မသိနိုင်ဘူး၊၊အခု မိုင်းနဲ့ ပတ်သက်ပြီး သိသင့်သလောက် သိခွင့်ရလို့ ဝမ်းသားပါတယ်” ဟု ဆိုသည်။

​HDCO မှ ဆရာ၊ ဆရာမများသည် KG တန်းမှ G-12 အထိ ကျောင်းသားများကို တစ်နာရီခန့်ကြာမြင့်စွာ လက်တွေ့ သရုပ်ပြပုံဖော်မှုများဖြင့် ပူးပေါင်းပါဝင်ကာ ပို့ချပေးလျက်ရှိသည်ကို တွေ့ရသည်။

ကျောင်းသား မိခင် ဒေါ်သန်းခင်က” စစ်ကျန်မိုင်းနဲ့ပတ်သက်ပြီး ကျမရဲ့ သား/သမီးတွေ သင်ခွင့်ရတာ ကံကောင်းတယ်လို ဆိုရမှာပေါ့၊၊ စစ်ကျန်မိုင်းကြောင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးတဲ့ သူတွေ တော်တော်များတယ်၊၊ မိုင်းတက်နင်းမိလို့ ခြေပြတ် လက်ပြတ်သွားတဲ့ ကျောင်းနေအရွယ် လူငယ်တွေ အရမ်းများလာတယ်၊၊ အခုလို မိုင်းနဲ့ပတ်သက်ပြီး ရှောင်ရှားသင့်တာတွေနဲ့ သိသင့်၊သိထိုက်တာတွေကို မျှဝေပေးတဲ့အတွက် ကျေးဇူးလည်း အရမ်းတင်ပါတယ်၊၊စားသောက်ဖို့ မရှိလို့ ဟင်းရှာ၊ ထင်းခုတ်သွားတာ မိုင်းပေါက်ပြီး ထိခိုက်ဒဏ်ရာရတော့ အခက်အခဲ ဖြစ်ကြတာပေါ့ဗျာ၊၊ ကလေးတွေဆိုရင်လည်း အဲ့လို့ပါပဲ ဆော့ကစားရင် မိုင်းကို တွေ့ပြီး ထုခွဲတာ မျိုးတွေလုပ်တယ်၊၊ အခုတော့ သူတို့လေးတွေ အသိအမြင်ရသွားလို့ အရမ်းပျော်ရွင်မိပါတယ်”ဟု ဆိုသည်။

ရက္ခိုင်တွင် စစ်ကော်မရှင် အ​ခြေချ တပ်စွဲခဲ့သည့် နေရာများနှင့် စကမ နှင့် အာရက္ခတပ်တော်တို့ကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့သည့် နေရာများတွင် ထင်းခုတ်၊ ဟင်းရှာသွားသော ဒေသခံမျာပြည်သူများသည် မိုင်းအန္တရာယ် ဆက်တိုက် ရှိနေသည်။

မိုင်းနင်းမိ၍ ဆေးဝါးကုသရာတွင် အခက်အခဲအမျိုးမျိုးကြောင့် အသက် သေဆုံးခဲ့ရသူများနှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးမှုများ ရှိနေသည်ကို တွေ့ရှိရသည်။

ရက္ခိုင်ပြည်အတွင်း မြို့နယ် (၁၄) ခုအထိ သိမ်းပိုက် ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် မိုင်းရှင်းလင်းရေးနှင့် ဒေသခံများ နေရပ်ပြန်နိုင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။

သို့​သော် လက်ရှိ အလုပ်အကိုင်ရှားပါးမှု၊ စစ်ဘေးရှောင်များပြားမှုတို့နှင့်အတူ အရပ်သားပြည်သူများမှာ စစ်ကျန်မိုင်းအန္တရာယ်ကို အခက်အခဲအမျိုးမျိုးဖြင့် ရင်ဆိုင်နေကြရဆဲဖြစ်ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ