သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူတွင် ကျေးရွာ ၂ ရွာကို စစ်ကော်မရှင် ဗုံးကြဲတိုက်ခိုက်၊ ပြည်သူ ၃ ဦးသေဆုံး၊ ၅ ဦးဒဏ်ရာရ၊ စာသင်ကျောင်းနှင့် လူနေအိမ်တချို့ ထိခိုက်ပျက်စီး

AB News-နိုဝင်ဘာ ၁၉၊ ၂၀၂၅
အမရာ

ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ်ရှိ အလယ်ရွာသစ်နှင့် တောင်ငူရွာတို့အား အကြမ်းဖက်စစ်ကော်မရှင်က နိုဝင်ဘာလ ၁၇ ရက်နေ့  ညနေ ၈ နာရီအချိန်ခန့်တွင် လေကြောင်းမှ ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း အာရက္ခတပ်တော်က ထုတ်ပြန်သည်။

ဤကဲ့သို့ဗုံးကြဲတိုက်ခိုက်မှုကြောင့် တောင်ငူကျေးရွာမှ အထက်တန်းကျောင်းသူတစ်ဦးအပါအဝင် အမျိုးသမီး ၃ ဦးသေဆုံးခဲ့ပြီး အလယ်ရွာသစ်ကျေးရွာမှ အပြစ်မဲ့ပြည်သူ ၂ ဦးဒဏ်ရာရရှိခဲ့ကာ တောင်ငူရွာမှ အပြစ်မဲ့ပြည်သူ ၃ ဦးတို့မှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလယ်ရွာသစ်ကျေးရွာရှိ အခြေခံပညာ မူလတန်းစာသင်ကျောင်း ၁ ကျောင်း၊ တောင်ငူကျေးရွာရှိ အခြေခံပညာ အလယ်တန်းစာသင်ကျောင်း ၁ ကျောင်းနှင့် အရပ်သားလူနေအိမ် ၁ လုံး တို့မှာလည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည်။

စစ်ရှုံး အကြမ်းဖက်စစ်ကော်မရှင်သည် ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာများကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာနေသဖြင့် လေကြောင်းရန်ကို အထူးဂရုပြုသတိထားကြရန်  အာရက္ခတပ်တော် AA က ထုတ်ပြန် သတိပေးထားသည်။
ကျောက်ဖြူတွင် စစ်ကော်မရှင်နှင့် အာရက္ခတပ်တော်တို့ကြား အပြန်အလှန် စစ်ရေး တင်းမာနေပြီး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု၊ လေကြောင်း ပစ်ခတ် တိုက်ခိုက်မှုများ မြင့်တက်လျှက်ရှိကြောင်း စုံစမ်းသိရသည်။

ကျောက်ဖြူအနီးဝန်းကျင်မှ ပြည်သူများ စစ်ဘေးရှောင်နေကြရပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ လိုအပ်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ