AB News – နိုဝင်ဘာ ၆၊၂၀၂၅
နွယ်စိုး
[၂၀၂၄ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့က “A Double-Edged Sword: Religious Fundamentalism Intensifies the Trauma of Rohingya Women” ခေါင်းစဥ်ဖြင့် Tea Cycle Myanmar မှ ဖော်ပြခဲ့သည့် ဆောင်းပါးအား ဆီလျှော်အောင် AB News က ဘာသာပြန်ဆိုထားခြင်းဖြစ်ပြီး ဤဆောင်းပါးတွင် သုံးထားသည့် အချက်အလက်များမှာ ဆောင်းပါးရှင် Md. Salman Rahman နှင့် Fatema Tuz Zohra Nowreen တို့နှင့်သာ တိုက်ရိုက် သက်ဆိုင်ပါသည်။]

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ မူဆလင်ဒုက္ခသည် ကော့စ်ဘဇားဒုက္ခသည်စခန်းအတွင်း မူဆလင်အမျိုးသမီးများသည် အရွယ်မရောက်သေးပဲ အိမ်ထောင်ပြုရန် အတင်းအကျပ် ခိုင်းစေခံရခြင်း၊ အိမ်တွင်းအကြမ်းဖက်ခံရခြင်း၊ အလိုမတူဘဲ အတင်းအဓမ္မ မုဒိမ်းကျင်ခံရခြင်း၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းများနှင့် ပညာရေးအတားအဆီးခံရခြင်းများအပြင် အကြမ်းဖက်မှု မျိုးစုံတို့ကို ကြုံနေရသည့်အတွက် ၎င်းတို့မှာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဝေဒနာများကို ကာလရှည်စွာ ခံစားနေကြရသည်ဟု ဒေသခံများက ဆိုကြသည်။
၂၀၁၇ ခုနှစ် မြန်မာစစ်ကော်မရှင်တပ်၏ ရက်စက်ကြမ်းကြုတ်သော လူမျိုးတုံးသတ်ဖြတ်မှုမှ လွတ်မြောက်စေရန် မူဆလင်ဒုက္ခသည် တစ်သန်းကျော်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြရာ ယင်းအထဲမှာ သုံးပုံတစ်ပုံတွင် အမျိုးသမီးများနှင့် ကလေးသူငယ်များ ဖြစ်ကြပြီး ၎င်းတို့သည် လူမျိုးတုံးသတ်ဖြတ်မှု၏ ပြင်းထန်သည့် ဒုက္ခကို ခံစားခဲ့ကြရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံပြီးနောက်ပိုင်းတွင်လည်း မူဆလင်ဒုက္ခသည် အမျိုးသမီးများမှာ ကံမကောင်းအကြောင်းမလှစွာဖြင့် ဒုက္ခသည်စခန်းအတွင်း စဉ်ဆက်မပြတ်ဒုက္ခများကြားတွင် ကာလရှည်စွာ လှုပ်ရှားသွားလာနေထိုင်လျက် ရှိကြသည်။
ကော့စ်ဘဇားရှိ ဒုက္ခသည်စခန်းများအတွင်း အမျိုးသမီးများသည် လိင်ပိုင်းဆိုင်ရာ အခြေပြု အကြမ်းဖက်မှု၊ အရွယ်မရောက်သေးပဲ လက်ထပ်ထိမ်းမြားခြင်း၊ ပညာရေးဆိုင်ရာ အတားအဆီးများနှင့် မူဆလင် အမျိုးသမီးငယ်များအား ၎င်းတို့၏ မိသားစုဝင်များက ကျွေးမွေးပြုစုရန် ရုန်းကန်နေရသဖြင့် အသက် ၁၁ အရွယ် အမျိုးသမီးငယ်များသည် အိမ်ထောင်ပြုရန် အတင်းအကျပ် ခိုင်းစေခံနေရခြင်းများမှာ ဆက်လက်ပျံ့နှံနေသည်ဟု အပြည်ပြည်ဆိုင်ရာ ရွေ့ပြောင်းနေထိုင် သူများအဖွဲ့ (IOM) ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
တစ်ဖက်တွင်လည်း မူဆလင်ဒုက္ခသည်များအပေါ် ကမ္ဘာလုံးဆိုင်ရာ အာရုံစိုက်မှုနှင့် အကူအညီများ လျော့ကျလာပြီး ရန်ပုံငွေဖြတ်တောက်ခံရမှုများဖြစ်ပေါ်လာခြင်းနှင့်အတူ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အစိုးရက ကမ္ဘာလုံးဆိုင်ရာ အကူအညီများ ရပ်ဆိုင်းလိုက်ခြင်းများကြောင့် စခန်းအတွင်း အကျပ်းအတည်းများ ပိုမိုဖြစ်ပေါ်လာခြင်းများမှာလည်း ၎င်းတို့အတွက် ယခင်အခြေအနေများထက် ပိုမိုဆိုးရွားစေပြီး မူဆလင်အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် အခွင့်အရေး၊အလားအလာများ လျော့နည်းလာခြင်း ဖြစ်သည်။
ရံပုံငွေ ကျဆင်းလာခြင်းသည် အရွယ်မတိုင်မီ အိမ်ထောင်ပြုကြရသော ထိုမူဆလင်အမျိုးသမီးငယ်များ အတွက် ပြဿနာများ ဖြစ်ပေါ်စေခဲ့သည်။
သမီးငါးဦးရှိသည့် ဖခင် ဟာဘီဘုလ္လာ (Habibullah) က “ မိန်းကလေးတွေကို စောင့်ရှောက်တာ ဘာအကျိုးမှ မရှိဘူး၊ အလ္လာဟ်အရှင်မြတ်က အိမ်ထောင်ပြုကောင်းမယ့် အချိန် အမိန့်ရှိလာရင် ဘယ်အချိန်မဆို အိမ်ထောင် ပြုကြရတယ်” ဟု ပြောသည်။
နိုင်ငံတကာ အစ္စလာမ်မစ်တက္ကသိုလ် (International Islamic University) မှ ပါမောက္ခ Md. Manjur Hossain Patoari က “အစ္စလာမ်ဘာသာမှာ အိမ်ထောင်ပြုရမယ့် အသက်အရွယ်ကို မသတ်မှတ်ထားဘဲ အမျိုးသမီးတွေအနေနဲ့ တာဝန် ဝတ္တရားတွေ ကျေပွန်အောင် ထမ်းဆောင်နိုင်ပြီး သားသမီးမွေးမြူစောင့်ရှောက်နိုင်တဲ့ တာဝန်တွေကို ထမ်းဆောင်နိုင်သရွေ့ အိမ်ထောင်ပြုခွင့် ပေးထားတယ်။ အဲဒီအပြင် သူတိုရဲ့ ဆန္ဒကိုဆန့်ကျင်တဲ့ အကျပ်ကိုင်မှုဟာ ဥပဒေနှင့် မကိုက်ညီဘူးလို့လည်း ကြေငြာ ထားပါတယ်” ဟု ပြောသည်။
ယင်းအပြင် ဇနီးမယား တစ်ဦးထက်ပိုသော လက်ထပ်ထိမ်းမြားခြင်းသည် မူဆလင်အသိုင်းအဝန်းတွင် ကာလ ရှည်ကြာတည်ရှိနေခဲ့သည့် အစဉ်အလာတခုဖြစ်ကာ အဆိုပါ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများသည် ပြည်နယ်အတွင်း လူဦးရေတိုးပွားလာခြင်းကြောင့် မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ အမျိုးသားရေးဝါဒီများကြား စိုးရိမ်ပူပန်မှုကို ဖြစ်စေခဲ့သည်။
ယင်းအတွက်ကြောင့် ဘင်္ဂလားဒေ့ရှ်သို့ စစ်ဘေးမရှောင်မီ ၁၉၉၀ခုနှစ်တွင် မြန်မာစစ်ကော်မရှင်အစိုးရသည် မူဆလင်အများစု လက်ထပ်ထိမ်းမြားခြင်းမပြုမီ မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့ (နစက) နှင့် စစ်တပ်အာဏာပိုင်များထံမှ စစ်ဆေးခြင်းခံယူရန်နှင့် တရားဝင်ခွင့်ပြုချက်ရယူရမည်ဟု မူဆလင်အများစုနေထိုင်ရာ ရက္ခိုင်ပြည်သို့ အထူးအမိန့်ချမှတ်ခဲ့သည်။
သို့သော်လည်း ဘင်္ဂလားဒေ့ရှ့်နိုင်ငံတွင် စစ်ဘေးရှောင်ရန် ခိုလှုံနေထိုင်ပြီးစဉ်မှစတင်၍ ဇနီးမယားတဦးထက်ပိုသော ထိမ်းမြားလက်ထပ်ခြင်း ယဉ်ကျေးမှုသည် ပြန်လည်ပေါ်ထွန်းလာကာ မူဆလင်ဒုက္ခသည် အမျိုးသမီးများ၏ ဖြစ်တည်မှုအခက်အခဲကို ပိုမိုးဆိုးရွားလာစေခဲ့သည်။
မူဆလင် အမျိုးသား အများအပြားသည် အစ္စလာမ် ဘာသာတွင် ဇနီးမယား ၄ ဦးအထိ လက်ထပ်ထိမ်းမြှားရန် ခွင့်ပြုသည်ဆိုသော ဘာသာရေးယုံကြည်ချက်ကို ထင်ဟပ်ကာ ဇနီးမယားအများအပြား လက်ထပ်ခြင်းကို ရွေးချယ်ကြသည်။ သို့ရာတွင် အစ္စလာမ်ဥပဒေတွင် အမျိုးသားတစ်ဦးသည် ၎င်းတို့အားလုံးကို တရားမျှတစွာဆက်ဆံနိုင်မှသာလျှင် အမျိုးသမီးအများပြားနှင့် လက်ထပ်နိုင်သည်ဟု ပြဌာန်းထားသည်။
မူဆလင်ဒုက္ခသည်စခန်းများအတွင်း အမျိုးသမီးများအား စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးလွတ်လပ်ခွင့်များ၊ အိမ်တွင်းအကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှုကဲ့သို့သော ကိစ္စရပ်များကို ရဲတင်းပွင့်လင်းစွာ ထုတ်ဖော်ခွင့်မပြုဘဲထားကြသည်။
“ဒါတွေက ယုတ်မာတယ်လို့ မြင်ပါတယ်။ ဘာသာရေးခေါင်းဆောင်တွေနဲ့ စစ်သွေးကြွအုပ်စုတွေက အမျိုးသမီးတွေကို ထိန်းချုပ်ဖို့အတွက် ဘာသာရေး အစွန်းရောက်ဝါဒီကို ထိရောက်တဲ့ လက်နက်အဖြစ် အသုံးပြုပါတယ်”ဟု အောက်စဖို့ဒ် တက္ကသိုလ်ရှိ ဒုက္ခသည်အရေးကျွမ်းကျင်သူ Nasir Uddin က ပြောကြားခဲ့သည်။
မူဆလင်လူမှုအဖွဲ့အစည်းတွင် လက်ထပ်ထိမ်းမြှားပြီးထားသည့် အမျိုးသမီးတစ်ဦးအနေဖြင့် မည်သည့် မတရားမှုကိုမဆို အထူးသဖြင့် လိင်ပိုင်းဆိုင်ရာအခြေခံအကြမ်းဖက်မှုနှင့် ပတ်သက်သည့် မတရားမှုများကို နှုတ်ဆိတ်နေကြရသည်။
၎င်းအမျိုးသမီးများအနေဖြင့် အိမ်တွင်းအဓမ္မပြုကျင့်ခံရမှုများကို ဆန့်ကျင်ပြောဆိုရန် ရုန်းကန်နေရရုံသာမက ၎င်းတို့အား နိုင်ထက်စီးနင်းဆက်ဆံသည့် ခင်ပွန်းများနှင့် ကွာရှင်းပြတ်စဲရန် ကြိုးပမ်းရာတွင်လည်း ကြီးမားသည့် အတားအဆီးများကို ကြုံတွေ့နေရသည်။
အသက် (၂၁)နှစ် အရွယ် ကလေး(၄) ဦး၏ မိခင်တဦးဖြစ်သည့် ဆာဟာနာက”အစ်မ ခင်ပွန်းက အစ်မကို ဘာပဲလုပ်လုပ် ကွာရှင်းခွင့်တောင်းလို့ မရဘူးလို့ စခန်းမှာ ပြောတယ်။ တကယ်လို့ အစ်မက ကွာရှင်းခွင့်တောင်းရင် အစ်မက အစ္စလာမ်ဥပဒေတွေကို ဖီဆန်နေတာပဲလို့ ပြောတယ်” ဟု သူမက ပြောပြခဲ့သည်။
မူဆလင်ဒုက္ခသည်အသိုင်းအဝိုင်းအတွင်း ပြန့်ပွားနေသည့် ဘာသာရေးအယူသီးမှုများကြောင့် အမျိုးသမီးများသည် သားသမီးမွေးဖွားစဥ်တွင် ၎င်းတို့၏ နေအိမ်ပြင်ပရှိ သာလွန်ကောင်းမွန်သည့် ဆေးကုသမှုကို ရယူခွင့်မရှိကြပေ။
လက်သည်မ (အရပ်ထဲမှ ကလေးမွေးဖွားပေးသည့် အမျိုးသမီး) မှ အကန့်အသတ်ရှိသည့် ဆေးကုသမှုကို ဆောင်ရွက်ပေးသော်လည်း ထိုဆေးကုသမှုလုပ်ငန်းစဥ်များသည် သင့်တော်သည့် ဆေးဝါးကုသမှု ကင်းမဲ့နေကြပြီး အမျိုးသမီးများ၏ ကျန်းမာရေးအတွက် အန္တရာယ်ရှိသည့် အခြေအနေများကို ဖြစ်ပေါ်စေသည်။
အလားတူပင် ဤကဲ့သို့ အခြေအမြစ်မရှိသည့် ဘာသာရေးယုံကြည်ချက်များမှာလည်း အမျိုးသမီးများ ဓမ္မတာလာချိန်တွင်လည်း သွားလာလှုပ်ရှားမှုများနှင့် လွတ်လပ်မှုများကို ကန့်သတ်ထားသည်။
ယင်းကန့်သတ်ချက်များတွင် အမျိုးသမီးများသည် ဓမ္မတာလာနေစဥ်အတွင်း အိမ်အတွင်းမှ အပြင်သို့ ထွက်ခွာခြင်း (သို့မဟုတ် )ဆုတောင်းခြင်းတို့ကို တားမြစ်ထားကာ အမျိုးသားနှင့် မိသားစုဝင်များ၏ အနီးအနားတွင် ထိုင်ခြင်းတို့ပင် ပါဝင်သည်။
ဘင်္ဂလားဒေ့ရှ်လူမျိုး မနုဿဗေဒပညာရှင်နှင့် ဓမ္မတာလာစဥ် သန့်ရှင်းရေးနှင့် ပတ်သက်သည့် စီမံခန့်ခွဲမှု အထူးကျွမ်းကျင်သူ Ms Farhana Sultana က “ရှေ့တန်းဆရာဝန်တစ်ယောက်အနေနဲ့ စခန်းတွေမှာ မီးယပ်နဲ့ ကိုယ်ဝန်နှင့်ပတ်သက်တဲ့ ပြဿနာအရေအတွက်ဟာ စိုးရိမ်စရာဖြစ်နေပါတယ်။ ဘာသာရေးအယူသီးမှုတွေ လွှမ်းမိုးနေတဲ့ မိသားစုတွေကြောင့် အမျိုးသမီးတွေက မကြာခဏဆိုသလို သင့်လျော်တဲ့ဆေးဝါးကုသမှုကို ရရှိဖို့ တားမြစ်ခံထားရတဲ့အတွက် အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအကြား သင့်တင့်တဲ့ တကိုယ်ရေသန့်ရှင်းရေးကို မထိန်းသိမ်းနိုင်ဘဲ နောက်ဆုံးမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအကြား စိတ်ပိုင်းဆိုင်ရာနဲ့ မျိုးရိုးအလိုက် စိတ်ဒဏ်ရာတွေကို ဖြစ်စေပါတယ်” ဟု ပြောကြားခဲ့သည်။
ဒုက္ခသည်စခန်းများအတွင်း စိတ်ကျန်းမာရေး ကုသမှုအတွက် စိတ်ဒဏ်ရာဆိုင်ရာ အကြံဉာဏ်ပေးဆွေးနေးရေး စင်တာများ အနည်းငယ်ရှိပြ စိတ်ကျန်းမာရေးဆိုင်ရာ အခြေအနေမှာ ဆိုးရွားနေသော်လည်း ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။
တစ်ဖက်တွင်လည်း အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွအဖွဲ့ Arakan Rohingya Salvation Army (ARSA) အဖွဲ့သည် စိတ်ဒဏ်ရာဆိုင်ရာ အကြံဉာဏ်ပေးဆွေးနေးရေး စင်တာများကို ဖျက်ဆီးပြီး ထိုစင်တာများအတွင်း အလုပ်လုပ်ကိုင်နေကြသည့် အမျိုးသမီးများကို ခြိမ်းခြောက်သည့် အခြေအနေများလည်း ရှိနေသည်။
အဆိုပါအစွန်းရောက်ဝါဒီ စစ်သွေးကြွအဖွဲ့သည် ဒုက္ခသည်စခန်းအတွင်းရှိ အဖွဲ့အစည်းအသီးသီးတွင် မူဆလင် အမျိုးသမီးများအား ပညာသင်ကြားခြင်းနှင့် အလုပ်လုပ်ကိုင်ခြင်းများကိုလည်း တားမြစ်ထားသည်။
Human Rights Watch အဖွဲ့၏ စုံစမ်းစစ်ဆေးမှုအရ အကြမ်းဖက် ARSAအဖွဲ့သည် အမျိုးသမီးများအနေဖြင့် နေအိမ်ပြင်ပထွက် အလုပ်လုပ်ကိုင်ခြင်းအား တားမြစ်ထားသော ပြင်းထန်သည့် ဘာသာရေးအယူသီးမှုတရပ်ကို လှုံ့ဆော်ပြီး အနည်းဆုံးအမျိုးသမီး (၁၅၀) ဦးအား ၎င်းတို့၏ သင်ကြားရေး အလုပ်များကို စွန့်လွှတ်ရန် အတင်းအကြပ် ခိုင်းစေခဲ့သည်။
ဒုက္ခသည်စခန်းများတွင် လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှုနှင့် မုဒိမ်းမှုကဲ့သို့သော လိင်ပိုင်းဆိုင်ရာအခြေခံအကြမ်းဖက်မှုများသည် စိတ်ပျက်ဖွယ်ကောင်းလောက်အောင် အဖြစ်များနေသော်လည်း မူဆလင်အသိုင်းအဝိုင်းခေါင်းဆောင်များနှင့် အီမာမ်များ (ဆုတောင်းသူခေါင်းဆောင်များ)သည် အဆိုပါပြဿနာများကို ဘာသာရေးအစွန်းရောက် မူဘောင်များမှတစ်ဆင့် ကိုင်တွယ်ဖြေရှင်းလျက်ရှိသည်။
ဒုက္ခသည်စခန်းတွင် အမျိုးသမီးတဦး အဓမ္မပြုကျင့်ခံရသည့်အခါတွင် သူမသည် မတရားမှုကို ရင်ဆိုင်ရရုံသာမက သူမကိုယ်သူမ ပြန်လည်ထူထောင်ရန်လည်း မစွမ်းဆောင်နိုင်တော့ကြောင်း တွေ့ရှိရသည်။
မုဒိမ်းမှုကျူးလွန်ခံရသူ Nasifa Akter က သူမ၏အတွေ့အကြုံကို ပြန်လည်ပြောပြရာတွင် “အခင်းဖြစ်ပွားတာကို ကျွန်မမိသားစုက စခန်းခေါင်းဆောင်တွေဆီကို တရားမျှတမှု ရဖို့အတွက် ပြောတယ်။ သူတို့က လျော်ကြေးနည်းနည်းပေးပြီး ဖြေရှင်းပြီး ကျွန်မဆန္ဒကို ဆန့်ကျင်တဲ့ ကျူးလွန်သူနဲ့ လက်ထပ်ဖို့ ဖိအားပေးတယ်။ အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးနဲ့ လက်ထပ်ရတဲ့ အမျိုးသားအပေါ် လူမှုအသိုင်းအဝိုင်းရဲ့ ဆိုးကျိုးရိုက်ခတ်မှုတွေပါရှိသေးတယ်ဆိုပြီး ကျွန်မအဖေကိုတောင် သူတို့ကသတိပေးခဲ့တယ်” ဟု ပြောပြခဲ့သည်။
ယခုကဲ့သို့ မူဆလင်အမျိုးသမီးများအပေါ် စိတ်ပိုင်းဆိုင်ရာဒဏ်ရာဖြစ်စေသည့် အခြေအနေများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် UNHCRနှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာအေဂျင်စီ (UN Refugee Agency) တို့ကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများသည် ကော့ဇ်ဘဇား(Coxs Bazar)ရှိ ဒုက္ခသည်စခန်း (၁၇)ခုတွင် ရပ်ရွာစေတနာ့ဝန်ထမ်း (၁၀၀၀)ကျော်ဖြင့် ဝန်ဆောင်မှုပေးသည့် စင်တာများအား တည်ထောင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ် အစိုးရသည် ဒုက္ခသည်စခန်းအတွင်း တာဝန်ခံ (CIC) ဝန်ထမ်းများအား ခန့်အပ်ထားရှိပြီး နိုင်ငံတကာNGOများနှင့် ပူးပေါင်း၍ စခန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဟဇာတဖြစ်မှုနှင့် တရားမျှတမှု ရှိစေရန် ဆောင်ရွက်ထားရှိသည်။
သို့သော်လည်း ပြစ်မှုကျူးလွန်ခံရသူများအား သတင်းပေးပို့သူ မရှိခြင်းနှင့် လက်တုံ့ပြန်ခံရမည်ကို ကြောက်ရွံ့ခြင်းများကြောင့် မူဆလင်အမျိုးသမီးများမှာ ကြီးမားသည့် အတားအဆီးများဖြင့် ရင်ဆိုင်နေကြရသည်။
အမျိုးသမီးများသည် နေအိမ်ပြင်ပလှုပ်ရှားမှုများတွင် ဝင်ရောက်ပါဝင်ခွင့် အကန့်အသတ်ရှိသည့်အတွက်ကြောင့် သက်ဆိုင်ရာအာဏာပိုင်များထံ သတင်းပေးပို့ခြင်းမှာ ၎င်းတို့အတွက် ပိုမို အခက်အခဲဖြစ်စေသည်။
ထို့အပြင် ဥပဒေအရ အရေးယူရန် ကုန်ကျစရိတ်များပြီး မူဆလင်အမျိုးသမီးများအတွက် လျော်ကြေးငွေရယူရန်မှာလည်း မဖြစ်နိုင်ပေ။
ယင်းအတွက်ကြောင့် ဒုက္ခသည်စခန်းအတွင်း ကျူးလွန်ခံရသော အမျိုးသမီးများနှင့် မိန်းကလေးငယ်များမှာ ၎င်းတို့၏ မတရားအကြမ်းဖက်ခံရမှုများကို နှုတ်ပိတ်စေခဲ့ကာ အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ အခြေအနေကို ထုတ်ဖော်ပြောကြားလျှင်ပင် ၎င်းတို့နှင့် ၎င်းတို့၏ မိသားစုများသည် အန္တရာယ်ပြုခြင်းနှင့် လက်တုံ့ပြန်ခြင်းအစရှိသည့် စွန့်စားရမှုများဖြင့် ရင်ဆိုင်ရသည်။
မူဆလင်ဒုက္ခသည်များသည် စတုရန်းကီလိုမီတာပေါင်း(၁၃)ကီလိုမီတာရှိသည့် အကျယ်အဝန်းရှိနေရာတွင် နေထိုင်ကြရသည့်အတွက် အကြမ်းဖက်မှုတိုင်းအား စောင့်ကြည့်ရန် ခက်ခဲသည့်အတွက်လည်း ဖြစ်သည်။