
AB News – ဩဂုတ် ၁၂၊ ၂၀၂၅
ချန်ဒြာ
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မြောက်ခြမ်းရှိ တောင်းရင်းကျေးရွာအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာများဖြင့် ဗုံးအလုံး ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း Wetlet Informational Network ၏ ဩဂုတ်လ ၁၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။
ဩဂုတ်လ ၁၁ ရက်နေ့၊ ညနေ ၂ နာရီ ၄ မိနစ်ခန့်တွင် တံတားဦးလေတပ်မှ ဂျက်ဖိုက်တာ ၂ စီး နှင့် မိတ္ထီလာလေတပ်မှ ဂျက်ဖိုက်တာ ၂ စီးတို့သည် တောင်းရင်းကျေးရွာအနီးကို ဗုံးအလုံး ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၆ ဦး သေဆုံးခဲ့ပြီး၊ များစွာသောသူများလည်း ဒဏ်ရာရရှိခဲ့သည်။
ထို့အပြင် ကားကြီး ၄ စီး မီးလောင်ပျက်စီးခဲ့ကာ နေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဩဂုတ်လ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီး လေးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ တိုက်ခိုက်မှုများကြောင့် နိုင်ငံတစ်ဝန်း အရပ်သားများနှင့် တော်လှန်ရေးအင်အားစုများအပါအဝင် လူပေါင်း ၇,၀၄၃ ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။